ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
အမေရိကန်ပြည်၊ လော့စ်အိန်ဂျလိမြို့ ၊ ဘဲအဲရ်အရပ်ရှိ စံအိမ်ကြီးတစ်လုံးသည် အိမ်ငှားခ တစ်လလျှင် ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းဖြင့် အငှားဈေးကွက်ဝင်လာရာ အမေရိက၏ ဈေးအကြီးဆုံးအငှားချထားမှုအဖြစ် စံချိန်တင်သွားသည်။
အဆိုပါစံအိမ်ကြီးကို အပြီးတိုင်ဝယ်ယူလိုပါကလည်း ကန်ဒေါ်လာ သန်း ၁၈၀ ဖြင့် ဝယ်ယူနိုင်သည်ဟု ဆိုသည်။
အိပ်ခန်း ၉ ခန်းပါ စံအိမ်ကြီး၏ ငှားရမ်းခကို တွက်ချက်မည်ဆိုလျှင် တစ်ရက်လျှင် ငှားရမ်းခ ကန်ဒေါ်လာ ၅၀၀၀၀ ကျသင့်ပြီး တစ်နာရီလျှင် ကန်ဒေါ်လာ ၂၀၀၀ ကျော်အထိ ကျသင့်မည် ဖြစ်သည်။
မေလအစောပိုင်းကတည်းက အငှားဈေးကွက်ဝင်နေခြင်းဖြစ်ပြီး Compass အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် တိုင်ရွန် မက်ကီးလန်၊ Hilton & Hyland မှ ဘရန်ဒန်နှင့် ရေနီ ဝီလျံစ်တို့က ဈေးကွက်တင်ပေးထားသည်။
နေအိမ်အကျယ်အဝန်း စတုရန်းပေ ၃၄၀၀၀ အထိရှိပြီး ဝိုင်သိုလှောင်ခန်း၊ မီဒီယာခန်းမ၊ လမ်းလျှောက်ဝင်နိုင်သည့် အအေးခန်း၊ မီးဖိုတစ်ခု ပါဝင်သည့် အမိုးပေါ် လသာဆောင်တို့ ပါဝင်သည်။
ထို့အပြင် ရေချိုးခန်းပေါင်း ၂၀၊ အားကစားလေ့ကျင့်ရေးခန်းမ၊ spa ၊ အနှိပ်ခန်းမတစ်ခု၊ အလျားပေ ၉၀ ခန့်အထိ ရှည်လျားသော ရေကူးကန်ကြီးတစ်ခုတို့လည်း ပါဝင်သေးသည်။
အမေရိက၏ ဒုတိယဈေးအကြီးဆုံး အငှားစံအိမ်အဖြစ် ရပ်တည်နေသည်မှာ နယူးယောက်မြို့ ၊ ဟမ့်ပ်တန်အရပ်ရှိ စံအိမ်ဖြစ်ပြီး တစ်လလျှင် ကန်ဒေါ်လာ ၈၅၀၀၀၀ ဈေးခေါ်ထားသည်။
ယခုစံအိမ်ကြီးမှာ ဟမ့်ပ်တန်အရပ်ရှိ စံအိမ်ထက် ၂ ဆခန့် ဈေးနှုန်းများပြားနေသည်။
ပိုင်ရှင်မှာ လော့စ်အိန်ဂျလိမှ ပလတ်စတစ်ဆာဂျရီ ခွဲစိတ်သမားတော် ရပ်ဂ်ျ ကာနိုဒီယာဖြစ်ပြီး စံအိမ်တည်ရှိသည့် မြေကွက်နေရာကို ၂၀၁၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၆ ဒသမ ၈ သန်းမျှဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
မြေနေရာဝယ်ယူပြီးနောက် မစ္စတာ ကာနိုဒီယာက ကန်ဒေါ်လာ သန်း ၁၀၀ ခန့် သုံးစွဲကာ စံအိမ်ကြီးကို ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)