ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ဒရာဗီဒီယန်ဟူသည့် အမည်နာမနှင့် ကျွန်တော်တို့ မစိမ်းလှ။ ရာမယဏဇာတ်တော်ကြီးကို ဖတ်ရှုဖူးသူတိုင်း ဒရာဗီဒီယန်မျိုးနွှယ်ဖွား ဒဿဂီရိကို သိရှိကြသည်။
အဆိုတော်လွှမ်းမိုးကလည်း အချစ်ရှုံးသမား ဒဿဂီရိဟူသည့်သီချင်းတွင် “ဒရာဗီဒီယန် လူမျိုးအပေါင်းတို့ရဲ့ ထီးဆောင်းမင်း ဘုရင် တစ်ပါး”ဟု ဒဿဂီရိကို ညွှန်းဆိုခဲ့ဖူးသည်။
ဒရာဗီဒီယန်တို့အကြောင်း ပြောမည်ဆိုလျှင် အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ်အစရှိသည်တို့အကြောင်း ပါဝင်လာမည်သာ ဖြစ်၏။
ပန်ဂျဘ်ပြည်၌ ဗုဒ္ဓပွင့်သည့်ကာလ၊ မပွင့်ခင်ကာလတို့တွင် ပညာတတ်တို့စုစည်းရာ ဂန္ဓာရတိုင်းကြီး၏မြို့တော် တက္ကသီလာ ရှိခဲ့ဖူး၏။
ဂန္ဓာရတိုင်းသည် ကြီးမား၏။ကျယ်ပြန့်၏။ ယခု ပါကစ္စတန်နိုင်ငံ၊ ပန်ဂျဘ်ပြည်နယ်၊ ဟာယနပြည်နယ်နှင့် ဟီမာရှယ်ပရာဒစ်ပြည်တို့သည် ဂန္ဓာရတိုင်းဖြစ်ခဲ့ဖူး၏။
ပါကစ္စတန်နှင့် ပန်ဂျဘ်သည် ကိုလိုနီခေတ်အထိ ပန်ဂျဘ်ပြည်နယ်တခုတည်းဖြစ်ခဲ့၏။
ပန်ဂျဘ်ဟူသောအမည်သည် ပန်ဂ်ျနှင့် အဘ်တို့ ပေါင်းစည်းထားသောအမည် ဖြစ်၏။ ပန်ဂ်ျကား နံပါတ် ၅ ၊ အဘ်ကား ရေ။ ပေါင်းစည်း အဓိပ္ပာယ်ကား မြစ်ငါးစင်းတို့ဖြတ်ကျော်ထားသောနယ်မြေဟု အဓိပ္ပာယ်ရသည်။
ယနေ့တွင်ကား ပန်ဂျဘ်သည် အစိတ်စိတ်အမွှာမွှာကွဲခဲ့ပြီ။ ပန်ဂျဘ်၏အနောက်ဘက်ခြမ်းသည် ပါကစ္စတန်နိုင်ငံဖြစ်သွားသည်။ ပန်ဂျဘ်၏ အရှေ့ဘက်ခြမ်းသည် အိန္ဒိယနိုင်ငံအတွင်းမှာပဲရှိနေသည်။ အိန္ဒိယနိုင်ငံအတွင်းက ပန်ဂျဘ်သည်လည်း ပန်ဂျဘ်၊ ဟာယန၊ ဟီမာရှယ်ပရာဒေ့ရှ်ဟူ၍ ကွဲသွားပြန်၏။
ခရစ်မပေါ်မီ နှစ်ပေါင်း ၁၉၀၀ (ဘီစီ ၁၉၀၀) ခန့်က အိန္ဒုမြစ်ဝှမ်းဒေသဖြစ်သော ပန်ဂျဘ်နယ်တွင် လူ့ယဉ်ကျေးမူစတင်ခဲ့၏။
ဘီစီ ၁၈၀၀ ခန့်တွင် အာရိယန်လူမျိုးစုတို့ ရောက်လာခဲ့၏။ အာရိယန်နှင့် ဒရာဗီဒီယန် လူမျိုးစုနှစ်ခုသည် အိန္ဒိယတွင် ပထမဆုံး အခြေချ နေထိုင်ခဲ့သော လူမျိုးစုများဖြစ်၏။
ဘီစီ ၃၃၀ တွင် ဂရိဘုရင် အလက်ဇန္ဒားသည်ဂရိတ်က ပန်ဂျဘ်အထိ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
အသောက၏ အဖိုး ချန္တရဂုပ္ပတ မောရိယသည် ပန်ဂျဘ်ကို တိုက်ခိုက်သိမ်းယူပြီးနောက် ပန်ဂျဘ်သည် ဂုပ္ပတအင်ပါယာ၏ ဌာနချုပ်ဖြစ်ခဲ့သည်။
လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၅၀၀)ကျော်က မဇ္ဈိမဒေသတွင် အာရိယန်တို့ များစွာတန်ခိုးထွားခဲ့ကြသည်။
၎င်းတို့သည် လွန်ခဲ့သော ဘီစီ၁၈၀၀ ခန့်က အာဖဂန် ခိုင်ဘာတောင်ကြားလမ်းမှတဆင့် အိန္ဒိယပြည်သို့ ဝင်ရောက်လာကြခြင်း ဖြစ်၏။
အိန္ဒိယ ဋ္ဌာနေတိုင်းရင်းသားများဖြစ်သော ဒရာဗီဒီယန် လူမျိုးတို့နှင့် အကြိတ်အနယ်တိုက်ခိုက်ကြပြီး နယ်မြေများကို သိမ်းယူခဲ့ကြသည်။
ထိုသို့ဖြင့် အာရိယန်တို့သည် ဘီစီ(၇၅၀) ခန့်တွင် မဇ္ဈိမဒေသကိုစိုးမိုးနိုင်ခဲ့ကြ၏။
အင်္ဂတိုင်း၊ မဂဓတိုင်း၊ ကောသလတိုင်း၊ ကုရုတိုင်း အစရှိသည့် တိုင်းနိုင်ငံကြီး ၂၀ ကျော်အထိ အုပ်ချုပ်မင်းလုပ်လာနိုင်ခဲ့ကြသည်။
ဗြဟ္မဏ အတ္တအယူဝါဒသည် အာရိယာန်လူမျိုးတို့၏ ခိုင်မာသော ဝါဒတစ်ခုဖြစ်ခဲ့၏။
ပိုမိုရှင်းလင်းအောင်ဆိုရလျှင် အာရိယာန်သည် မွတ်စလင်ဖြစ်ပြီး ဒရာဗီဒီယန်သည် ဟိန္ဒူဖြစ်၏။
စစ်နိုင်သော အာရိယာန်တို့သည် စစ်ရှူံး ဒရာဗီဒီယန်တို့ကို မော်မကြည့်ရဲလောက်အောင် ရက်ရက်စက်စက် နှိပ်ကွပ်အုပ်ချုပ်ခဲ့ကြသည်။
ဒရာဗီဒီယန်တို့ကို ကျွန်အဖြစ်သတ်မှတ်ပြီး စားနပ်ရိက္ခာ ထုတ်လုပ်ရသော လယ်သမား၊ အလုပ်သမား၊ အခိုင်းအစေ၊ ကျွန်၊ ဆင်းရဲသား သုဒ္ဒမျိုး အဖြစ်သတ်မှတ်ခဲ့ကြ၏။
ဒရာဗီဒီယန်ဗိသုကာသည် ဟိန္ဒိုဘုရားကျောင်းဗိသုကာဖြစ်ပြီး အိန္ဒိယတိုက်ငယ်၏ တောင်ပိုင်းတွင် စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
၁၆ ရာစုနှစ်တွင် ဒရာဗီဒီယန်ဗိသုကာသည် ပြီးပြည့်စုံသော အခြေအနေတစ်ရပ်သို့ ရောက်ရှိခဲ့၏။
ဒရာဗီဒီယန်ဗိသုကာ၏ ပင်မလက္ခဏာမှာ ဟိန္ဒူဘုရားကျောင်းတို့၏ ဝင်ပေါက်ဂိတ်အထက်တွင် ပြဿဒ်သဖွယ်ဆောက်လုပ်ထားသည့် လက်ရာဖြစ်သည်။
အိန္ဒိယရှေးဟောင်း Vasthu Sastra စာအုပ်အတွင်း ဖော်ပြထားရာတွင် ဒရာဗီဒီယန်ဗိသုကာသည် ဘုရားကျောင်း အဆောက်အအုံများ ကို ဆောက်လုပ်ကြသည့် ဗိသုကာဟန် ၃ မျိုးအနက် တစ်ခုဖြစ်သည်ဟု ဆိုသည်။
ဒရာဗီဒီယန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး ယနေ့တိုင်တည်ရှိနေသည့် အဆောက်အအုံများအနက် အများစုမှာ အိန္ဒိယ တောင်ပိုင်း ပြည်နယ်များဖြစ်သော အန်ဒရာ ပရာဒက်ရှ်၊ ကာနာတာကာ၊ ကီရာလာ၊ တမီလ် နာဒူးနှင့် တီလန်ဂါနာပြည်နယ်တို့တွင် တည်ရှိသည်။
ဘုရင့်နိုင်ငံတော်များ၊ အင်ပါယာများ များစွာတို့သည် ဒရာဗီဒီယန်ဗိသုကာလမ်းကြောင်းတွင် ကြီးမားသည့် သမိုင်းကြောင်းများ ရှိခဲ့ရာ ချိုလာ၊ ချီရာ၊ ကာကာတီယာ၊ ပန်ဒယာ၊ ပါလာဗက်စ်၊ ဂန်ဂက်စ်၊ ကာဒမ်ဘက်စ်၊ ရပ်ရှ်ထရာကူးတက်စ်၊ ချာလူကျား၊ ဟွိုင်ဆာလာ့စ်နှင့် ဝိဇယနာဂရအင်ပါယာတို့ ပါဝင်ကြသည်။
ဒရာဗီဒီယန်ဗိသုကာကို အိန္ဒိယမြောက်ပိုင်း တီလီ ကာ မန်ဒါ ဂွါလီယာ၊ ဘီတာဂါအွန်၊ ဘိုင်တာလာ ဒျူလာ၊ ဘူဘာနက်ရှ်ဝါ ဒေသ၊ အိန္ဒိယ အရှေ့မြောက်ပိုင်း၊ သီရိလင်္ကာနိုင်ငံ အလယ်ပိုင်းနှင့် အရှေ့တောင်အာရှတို့တွင်လည်း တွေ့ရသည်။
(သမိုင်းကြောင်း)
ရှေးခေတ် တမီလာကမ်တိုင်းပြည်ဟု ရှိခဲ့ရာ ယနေ့ခေတ် တမီလ်နာဒူးပြည်နယ်၊ ကီရာလာ၊ ပူဒူးရှယ်ရီ၊ လာ့ခ်ရှဒိ၊ အန်ဒရာ ပရာဒက်ရှ်ပြည်နယ်၏ တောင်ပိုင်းဒေသများနှင့် ကာနာတာကာပြည်နယ်တို့ ပေါင်းစည်းပါဝင်သည့် တိုင်းပြည်ဖြစ်ခဲ့သည်။
တမီလာကမ်တိုင်းပြည်တွင် ဘုရင်သည် မြေကမ္ဘာအတွက် ဘုရား၏ ကိုယ်စားလှယ်တော်ဖြစ်သည်ဟု ခံယူကြပြီး တမီလ်ဘာသာအားဖြင့် ကိုယီလ်ဟု ခေါ်သော ကျောင်းဆောင်တော်တွင် နေထိုင်ကြကာ ကိုယီလ်မှာ ဘုရားသခင်၏ စံအိမ်ဟု အဓိပ္ပာယ်ရသည်။
ကိုယီလ်အပြင် ကိုဗီးလ်ဟုလည်း ခေါ်ဆိုကြသေးသည်။ ကိုဗီးလ်မှာမူ ဝတ်ပြုရာနေရာဟု အဓိပ္ပာယ်ရသည်။ ကိုယီလ် (သို့မဟုတ်) ကိုဗီးလ်ကို ဒရာဗီဒီယန်ဗိသုကာဖြင့် ဆောက်လုပ်ကြသည်။ မျက်မှောက်ခေတ်တွင်မူ ကိုယီလ်မှ ရွေ့လျားကာ ကိုအီလ်ဟု ခေါ်ဆိုလာကြသည်။
အေဒီ ၅ ရာစုမှ ၇ ရာစုအတွင်း သက္ကတစကားလုံးများဖြစ်သော ‘မာယာမတ’ နှင့် “မနစာရ ရှီလ်ပါ” ဟူသော စကားလုံးများကို ဒရာဗီဒီယန်ဗိသုကာဟန်၏ သင်ရိုးညွှန်းတမ်းဟု တင်စားကြသော Vastu Shastra စာအုပ်တွင် ပါဝင်ခဲ့ပြီး များစွာ ပျံ့နှံ့ခဲ့သည်။
မာယာမတသည် ဒရာဗီဒီယန်ကို သက္ကတ ဘာသာဖြင့် ခေါ်ဆိုသည့်စကားလုံးဖြစ်ပြီး မနစာရ ရှီလ်ပါမှာမူ ဒရာဗီဒီယန်နှင့် ဆက်နွှယ်မှုရှိပြီး ရှီလ်ပါ သျှတ္တရမှ အဓိကထားသည်မှာ ရုပ်တုများ၊ ကျောက်ရုပ်များ၊ ပန်းချီကားများ၊ လက်သမား၊ အိုးလုပ်ငန်း၊ လက်ဝတ်ရတနာ အစရှိသည့် နယ်ပယ်ကဏ္ဍတို့ဖြစ်သည်။
(ဖွဲ့စည်းမှု)
ချိုလာအင်ပါယာခေတ် ဘုရားကျောင်းတို့တွင် မပြောင်းလဲသည့် အဓိကလက္ခဏာရပ်ကြီး ၃ ပါးရှိသည်။
ဒီဇိုင်းဟန်များမှာမူ ဆောက်လုပ်သည့် ခေတ်ကာလကို မှီတည်ပြီး ကွဲပြားမှုအချို့ ရှိကြသည်။
၁။ မုဒ်ဦးများ( मंडपास မန်းပါ့စ်) တို့သည် အတွင်းဘက်သို့ ဝင်သည့် တံခါးများကို အုပ်မိုးဆောက်လုပ်ထားလေ့ရှိကြသည်။
၂။ ဂိတ်တံခါး ပိရမစ်များ ( ဂိုပူရ) သည် လေးဘက်လေးတန် ကာရံထားသည့် ထင်ရှားသော ဘုရားကျောင်းများတွင် တွေ့ရလေ့ရှိပြီး ဒရာဗီဒီယန်ဗိသုကာဘုရားကျောင်းများတွင် များစွာတွေ့ရသော လက္ခဏာရပ်တစ်ပါး ဖြစ်သည်။
၃။ ကော်လံတိုင်များဖြင့် ဆောက်လုပ်ထားသည့် ခန်းမများ (ချောလ်ထရိ/ ချာဘာဒီ) တို့ကို ရည်ရွယ်ချက် အမျိုးမျိုးဖြင့် အသုံးပြုကြပြီး ဒရာဗီဒီယန်ဗိသုကာဟန်တွင် မပြောင်းမလဲ ပါဝင်လေ့ရှိသည့် အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။
(ခေတ်အလိုက် သြဇာလွှမ်းမှုများ)
အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် ဘုရင့်နိုင်ငံနှင့် အင်ပါယာ ၇ ခု ထွန်းကားခဲ့ရာ ဒရာဗီဒီယန်ဗိသုကာအပေါ် ခေတ်အလိုက် သြဇာလွှမ်းမှုများ ရှိခဲ့သည်။
(၁) ဆန်ဂမ်ခေတ်
ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၃၀၀ မှ ခရစ်တော်ပေါ်ပြီး နှစ်ပေါင်း ၃၀၀ အတွင်း ချိုလာ၊ ချီရာနှင့် ပန်ဒယာဘုရင့်နိုင်ငံတော်တို့တွင် ကာတီကေယ၊ သီဝ၊ အန်မန်နှင့် ဗိဿနိုးနတ်တို့ကို ကိုးကွယ်သည့် အုတ်ဘုရားကျောင်းများစွာ ပေါ်ပေါက်ခဲ့သည်။
ကာတီကေယနတ်နှင့် စပ်လျဉ်း၍ ဆိုရလျှင် ဟိန္ဒူနှင့် တရုတ်တို့၏ ကိုးကွယ်မှုများမှာ ဆက်နွှယ်နေသည့်အချက်ကို တွေ့ရသည်။
ကာတီကေယသည် ဟိန္ဒူပိဋကတ်ကိုစောင့်သော စစ်နတ်ဖုရားဖြစ်ပြီး ပါဝါတီနှင့် သီဝတို့၏ သားတော်ကြီး ဂါနီရှားခေါ် မဟာပိန္တွဲနတ်နှင့် ညီအစ်ကိုတော်စပ်သည်။ ကာတီကေယကို တရုတ်မဟာယာနဗုဒ္ဓဘာသာတွင် ဝေထော်နတ်မင်းအဖြစ် ကိုးကွယ်ကြသည်။
အဆိုပါ ရှေးဟောင်းဘုရားကျောင်း များစွာကို တမီနာဒူးပြည်နယ်ရှိ ရှေးဟောင်းသမိုင်းဝင်နယ်မြေ အဒိချနာလာ၊ ရှေးခေတ်ဆိပ်ကမ်းမြို့ကြီးအဖြစ် ထွန်းကားခဲ့သော ပွမ်ပူဟာနှင့် မဟာဘာလိပူရမ်အရပ်တို့တွင် တူးဖော်တွေ့ရှိခဲ့သည်။
၂၀၀၅ ခုနှစ်အတွင်းက တူးဖော်တွေ့ရှိခဲ့သော သလုဝဏ်ကုပန် မူရူကန်ကျောင်းတော်တွင် အလွှာ ၃ ခု တူးဖော်တွေ့ရှိခဲ့၏။
အောက်ဆုံးအလွှာတွင် အုတ်ဖြင့်ဆောက်လုပ်ထားသော ဘုရားကျောင်းကို တွေ့ရပြီး အိန္ဒိယတောင်ပိုင်းတွင် သက်တမ်းအရင့်ဆုံး လက်ရာဖြစ်သည်။
တမီနာဒူးပြည်နယ်တွင် ပါလာဗာ ဟိန္ဒူဘုရားကျောင်း ၂ ကျောင်းသာ တွေ့နိုင်သည့်အနက်တစ်ခုလည်းဖြစ်ပြီး အခြားတစ်ကျောင်းမှာ ဗိဿနိုးနတ်မင်းကို ကိုးကွယ်သည့် ပီရူမယ်လ် ကျောင်းတော် ဖြစ်သည်။
(၂) ဘာဒါမီ ရှားလူကျ
ဘာဒါမီ ရှားလူကျဘုရင့်နိုင်ငံတော်ကို အစောပိုင်း ရှားလူကျဟုလည်း ခေါ်ဆိုကြပြီး ခေတ်ကာလမှာ ခရစ်တော်ပေါ်ပြီးနောက် ၅၄၃ နှစ်မှ ၇၅၃ နှစ်အထိဖြစ်သည်။
ဘာဒါမီသည် အိန္ဒိယနိုင်ငံ၊ ကာနာတာကာပြည်နယ်၊ ဘာဂါလ်ကို့ထ်ခရိုင်တွင် တည်ရှိပြီး ကျောက်ထွင်းလက်ရာ ဘုရားကျောင်းများဖြင့် နာမည်ကျော်သည့် မြို့တစ်မြို့လည်း ဖြစ်သည်။ ဘာဒါမီ ဗိသုကာကို ဝိသာရဟန်ဟုလည်း ခေါ်ကြသေးသည်။
ဘာဒါမီ၏ အကောင်းဆုံးလက်ရာများကို ပတ္တဒါကဲ၊ အိုင်ဟိုလီနှင့် ကာနာတာကာပြည်နယ်မြောက်ပိုင်း ဘာဒါမီတို့တွင် တွေ့ရနိုင်သည်။
မာလာပရာဘာ မြစ်ဝှမ်းဒေသတွင် ရှေးဟောင်းကျောင်းတော်ပေါင်း ၁၅၀ ကျော် ယနေ့တိုင် တွေ့နိုင်ဆဲ ဖြစ်သည်။
ရှားလူကျ မင်းဆက်၏ အကောင်းဆုံးအမွေအနှစ်မှာ ယနေ့တိုင် တည်တံ့ကျန်ရစ်ခဲ့သည့် ဗိသုကာဟန်များ ဖြစ်ကြသည်။
မာလာပရာဘာ မြစ်ဝှမ်းနှင့် ကာနာတာကာတို့ရှိ ကျောင်းတော်များကို ခရစ်တော်ပေါ်ပြီးနောက်ပိုင်း နှစ်ပေါင်း ၄၅၀ မှ ၇၀၀ အကြား ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
(၃) ပါလာဗက်စ်
ပါလာဗက်စ်မင်းဆက်ခေတ်သည် အေဒီ ၆၀၀ မှ ၉၀၀ ကြားဖြစ်ပြီး အကြီးမားဆုံးဆောက်လုပ်ခဲ့ကြသည်များမှာ မဟာဘာလီပူရမ်ရှိ ကျောက်ကျောင်းတော်များနှင့် ၎င်းတို့၏ မြို့တော်ဖြစ်သော ကန်ချီပူရမ် (ယနေ့ခေတ် တမီလ်နာဒူးပြည်နယ်တွင် တည်ရှိ) တို့ရှိ ဘုရားကျောင်းများ ဖြစ်ကြသည်။
ပါလာဗာခေတ် ဆောက်လုပ်ခဲ့ကြသည်များအနက် အစောဆုံးအဆောက်အအုံများမှာ ကျောက်ထွင်းလက်ရာ ဘုရားကျောင်းများဖြစ်ပြီး ခရစ်တော်ပေါ်ပြီးနောက်ပိုင်း နှစ်ပေါင်း ၆၁၀ မှ ၆၉၀ ကြား ဆောက်လုပ်ခဲ့ကြခြင်းဖြစ်ကာ ဖွဲ့စည်းတည်ဆောက်သည့် လက်ရာများကိုမူ ၆၉၀မှ ၉၀၀ အကြားတွေ့ရှိရသြည်။
ထိုခေတ်လက်ရာများတွင် ကော်လံတိုင်များထားရှိ ထွင်းထုထားသည့် ခန်းမများပါဝင်ပြီး အပေါ်အမိုးမပါဝင်ဘဲ သဘာဝကျောက်တုံးအတိုင်းသာ ထားရှိကြသည်။
အစောပိုင်းကျောင်းတော်များသည် သီဝနတ်ကိုသာ ရည်မှန်းကိုးကွယ်ရန် ဆောက်လုပ်ခဲ့ကြခြင်းဖြစ်သည်။
ဒရာဗီဒီယန်ဗိသုကာတွင် မျိုးကွဲ ၂ ခုရှိပြီး (၁) နာယကဗိသုကာ (၂) ဝိဇယ နာဂရဗိသုကာ တို့ ဖြစ်ကြသည်။
ဝိဇယ နာဂရဗိသုကာသည် ဝိဇယ နာဂါမင်းဆက်များ လက်ထက်တွင် ထွန်းကားခဲ့ခြင်း ဖြစ်သည်။
ဒရာဗီဒီယန်ဘုရားကျောင်းများ၏ အရေးပါသည့်အရာတစ်ခုမှာ ဘုရားကျောင်းဆောင်အပေါ်ဆုံးရှိ ပြဿာဒ်အထွတ်ဖြစ်၏။
အဆိုပါပြဿာဒ်အထွတ်သည် ရှစ်ထောင့်သဏ္ဍာန်ဖြစ်၏။
ဒရာဗီဒီယန် ဗိသုကာဟန်ဖြင့် ဘုရားကျောင်းများ ဆောက်လုပ်မှုမှာ ချိုလာအင်ပါယာခေတ်တွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။
ရာဇာရာဇာ သည်ဂရိတ်နှင့် ရာဂျန်ဒြာ ချိုလာတို့သည် အိန္ဒိယတောင်ပိုင်းတွင် အထင်ကရ ဘုရားကျောင်းတော် များစွာ ဆောက်လုပ်ခဲ့ကြသည်။
ယင်းတို့အနက် ခမ်းနားထည်ဝါမှုအရှိဆုံး ဘုရားကျောင်းများမှာ ကွမ်ဘာကိုနမ်အနီးရှိ ဂန်ဂိုင်းကွန်ဒါ ချိုလာပူရမ် ဘုရားကျောင်းနှင့် တန်ဂျိုးရှိ သီဝကျောင်းတော်တို့ ဖြစ်ကြသည်။
ဒရာဗီဒီယန်ဗိသုကာဟန် ကျောင်းတော်များတွင် အမြင့်မားဆုံး၊ အကြီးမားဆုံးပြဿာဒ်ရှိရာတွင် အကြီးမားဆုံးနတ်ကို ကိုးကွယ်ကြသည်။
အရပ်လေးမျက်နှာတွင် နံရံများဖြင့် လုံခြုံစွာကာရံထားရှိလေ့ရှိသည်။
ဘုရားကျောင်းသို့ အဝင်ဂိတ်တွင် ဂိုပူရမ်ဟုခေါ်သည့် ပိရမစ်သဏ္ဍာန်ဂိတ်ထားရှိသည်။
ဂိုပူရမ်တွင် ပြဿာဒ်တစ်ခု ဆောက်လုပ်ထားလေ့ရှိသော်လည်း ပင်မကျောင်းဆောင်၏ ပြဿဒ်အမြင့်လောက် မမြင့်မားစေဘဲ ဆောက်လုပ်လေ့ရှိသည်။
ဒရာဗီဒီယန်လက်ရာကျောင်းတော်များကို ဘာသာရေးဆိုင်ရာ အစည်းအဝေးများ ကျင်းပရာနေရာအဖြစ်လည်းကောင်း၊ ပညာရေးအတွက်လည်းကောင်း အသုံးပြုခဲ့ကြသည်။
ရှေးခေတ်ပြည့်ရှင်မင်းတို့က ဘုရားကျောင်းနေရာအတွက် မြေလှူဒါန်းခြင်းများ ပြုလုပ်ပေးလေ့ရှိကြသည်။
(နာယကဟန်)
ဒရာဗီဒီယန်ဗိသုကာ၏ မျိုးကွဲတစ်ခုဖြစ်သော နာယကဗိသုကာဟန်တွင် ဗိသုကာလက္ခဏသွင်ပြင်အားလုံးမှာ ဒရာဗီဒီယန်နှင့် ထပ်တူ တူညီသော်လည်း နာယကဟန်တွင်မူ ပရာကမ်ဟုခေါ်သော စင်္ကြန်များပါရှိသည်။
နာယကဗိသုကာလက်ရာများအနက် ထင်ရှားသည့် လက်ရာတစ်ခုမှာ တမီလ်နာဒူးပြည်နယ်၊ မာဒူရိုင်းမြို့ရှိ မီနက်ရှီ ဘုရားကျောင်းဖြစ်သည်။
(ဝိဇယ နာဂရဟန်)
ဝိဇယ နာဂရလက်ရာများသည် ၁၆ ရာစုနှစ်တွင် အထွန်းကားဆုံးအဖြစ် အထွတ်အထိပ်သို့ ရောက်ရှိသည်။
ဝိဇယ နာဂရ၏ အရေးအကြီးဆုံးသရုပ်သကန်မှာ ဘုရား၏ကြင်ယာတော် အင်မာ၏ ကျောင်းဆောင်ထားရှိပေးခြင်း ဖြစ်သည်။
ဝိဇယ နာဂရဗိသုကာဟန်များအနက် အထင်ရှားဆုံးလက်ရာမှာ ကာနာတာကာပြည်နယ်၊ ဟမ်ပီကျေးရွာရှိ ဝိသာလကျောင်းတော် ဖြစ်သည်။
(မြန်မာ)
ရန်ကုန်မြို့တွင်လည်း ဒရာဗီဒန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော ဟိန္ဒူဘုရားကျောင်းများရှိရာ မဟာပိန္တွဲကျောင်း၊ သျှရီ ကာမာရှီကျောင်း၊ သျှရီ ကာလီကျောင်းနှင့် မူဂပါရူမွန်ကျောင်းတော်တို့ ဖြစ်ကြသည်။
၂၀၁၉ ခုနှစ်၊ မတ်လ ၅ ရက်မှ ၉ ရက်အထိ ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်တွင် “The Grandeur of Chola Temples” အမည်ဖြင့် ပြပွဲတစ်ခု ပြသခဲ့သည်။
အဆိုပါပြပွဲတွင် ဒရာဗီဒီယန်ဗိသုကာ၏ သမိုင်းနှင့် အိန္ဒိယနှင့် မြန်မာအကြား ရှေးခေတ်ယဉ်ကျေးမှု ဆက်နွှယ်ခဲ့ကြပုံကို လှစ်ဟပြသထားသည်ဟု ဆိုသည်။
ဟိန္ဒူတို့၏ ယဉ်ကျေးမှုသည် မြန်မာနိုင်ငံသို့လည်း အေဒီ ၁ ရာစုမှ ၂ ရာစုအတွင်းမှ စတင်ပြီး ပျံ့နှံ့ခဲ့ရာ ဒရာဗီဒီယန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည့် လက်ရာများကို မြန်မာနိုင်ငံတစ်ဝန်းတွင် ယနေ့တိုင် တွေ့မြင်နေရဆဲ ဖြစ်သည်။
အိအိအေးအောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com