ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
အာရှ-ပစိဖိတ်ဒေသသည် ပြီးခဲ့သောနှစ်အတွင်း စီမံခန့်ခွဲလျက်ရှိသော အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံမှု (AUM) ပမာဏမှာ ကန်ဒေါ်လာ ၈၁၂ ဘီလီယံအထိ ရှိခဲ့သည်။
တစ်ကမ္ဘာလုံး အိမ်ခြံမြေကဏ္ဍရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၃ ဒသမ ၂ ထရီလီယံနှင့် နှိုင်းယှဉ်လျှင် ၁၈ ဒသမ ၄ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။
အာရှ-ပစိဖိတ်ဒေသ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် CapitaLand သည် စင်္ကာပူဒေါ်လာ ၇၈ ဘီလီယံ ( ကန်ဒေါ်လာ ၅၅ ဒသမ ၉ ဘီလီယံ) ဖြင့် ဦးဆောင်နေပြီး၊ စင်္ကာပူအခြေစိုက် ထောက်ပို့ကုမ္ပဏီတစ်ခုဖြစ်သော GLP မှာ ကန်ဒေါ်လာ ၃၆ ဒသမ ၃ ဘီလီယံဖြင့် ဒုတိယနှင့် Mapletree မှာ ကန်ဒေါ်လာ ၂၈ ဒသမ ၃ ဘီလီယံဖြင့် တတိယနေရာတို့တွင် အသီးသီး ရပ်တည်နေကြသည်။
ဈေးကွက်တွင် တရားဝင်စာရင်းမပေါက်ထားသော အိမ်ခြံမြေကဏ္ဍ (ရန်ပုံငွေများ၊ ဖက်စပ်လုပ်ငန်းများ၊ ကြွေးမြီထွက်ကုန်များ ပါဝင်) သည် အာရှ-ပစိဖိတ်၏ AUM ပမာဏ၏ ၇၃ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး ၊ ဥရောပမှာ ၈၇ ဒသမ ၇ ရာခိုင်နှုန်းနှင့် မြောက်အမေရိကမှာ ၇၅ ဒသမ ၂ ရာခိုင်နှုန်း အသီးသီးရှိသည်။
တစ်ကမ္ဘာလုံး အတိုင်းအတာအားဖြင့် ဈေးကွက်တွင် တရားဝင်စာရင်းမပေါက်ထားသော အိမ်ခြံမြေကဏ္ဍသည် စုစုပေါင်း AUM ၏ ၈၄ ရာခိုင်နှုန်း (သို့မဟုတ်) ကန်ဒေါ်လာ ၂ ဒသမ ၇ ထရီလီယံဖိုး ရှိသည်။
စုစုပေါင်း AUM ပမာဏမှာ ကန်ဒေါ်လာ ၃ ဒသမ ၂ ထရီလီယံ ဖြစ်သည်။
အစိုးရပိုင် ရန်ပုံငွေများမှာလည်း အာရှ- ပစိဖိတ်ဒေသ အိမ်ခြံမြေကဏ္ဍအတွက် အကြီးမားဆုံး အရင်းအနှီး သွင်းအားစုတစ်ခုဖြစ်နေပြီး AUM ၏ ၁၅ ဒသမ ၇ ရာခိုင်နှုန်းရှိကာ အာမခံကုမ္ပဏီများမှာ ၁၁ ဒသမ ၂ ရာခိုင်နှုန်းရှိသည်။
တစ်ကမ္ဘာလုံးအတိုင်းအတာအရ Blackstone Group သည် ကန်ဒေါ်လာ ၂၃၀ ဒသမ ၆ ဘီလီယံ AUM ဖြင့် ထိပ်ဆုံးတွင် ဦးဆောင်နေပြီး ၂၀၁၇ ခုနှစ် ပမာဏဖြစ်သော ကန်ဒေါ်လာ ၁၉၃ ဒသမ ၈ ဘီလီယံနှင့် နှိုင်းယှဉ်လျှင် ၁၉ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။
၎င်း၏နောက်တွင် Brookfield Asset Management က ကမ္ဘာလုံးဆိုင်ရာ AUM ကန်ဒေါ်လာ ၁၈၇ ဒသမ ၃ ဘီလီယံဖြင့် ဒုတိယနေရာတွင် ရပ်တည်နေပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)