ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ရန်ကုန် မိုးပျံရထားလမ်း တည်ဆောက်ရေး ဂျပန်အစိုးရ ချေးငွေ ယန်း ဘီလီယံ ၈၀၀ (ဒေါ်လာ ၇ ဘီလီယံကျော်) ထဲမှ သုံးစွဲကာ လိုအပ်ပါက ထပ်မံချေးပေးရေး စဉ်းစားရန်ရှိသည် ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မြန်မာရုံး အကြီးအကဲ မစ္စတာ မာစယုကီကာရစဝက ပြောသည်။
ဂျပန်အစိုးရက ရန်ကုန်မြို့ပြလူထုရထားပို့ဆောင်ရေးစီမံကိန်း (YUMRT)အပါအဝင် ၂၀၁၆ မှ ၂၀၂၀ အထိ အကောင်အထည်ဖော်မည့် မြို့ပြဆိုင်ရာစီမံကိန်း များအတွက် မြန်မာနိုင်ငံကို ယန်း ဘီလီယံ ၈၀၀ ထုတ်ချေးထား သည်။
‘‘ မြန်မာဘက်ကနေ ဂျပန်ဘက်ကို ငွေကြေးအရ ကူညီပေးပါဆိုရင် ဒါကို အသေအချာ အလေးအနက်ထားစဉ်းစားပြီး ကူညီပေးမှာပါ။ ကူညီပေးဖို့ကိုလည်း ကျွန်တော်တို့က မျှော်လင့်ထားပါ တယ်။ ဂျပန်ဝန်ကြီးချုပ်ကနေပြီးတော့ နိုင်ငံတော် အတိုင်ပင်ခံနဲ့ တွေ့ဆုံခဲ့စဉ်က ဒီလိုမျိုးကူညီပေးဖို့ကို ၂၀၁၆ က ကတိကဝတ်ပြု ပြီးသားဖြစ်ပါတယ်’’ဟု မာစယုကီကာရစဝက ပြောသည်။
လှိုင်သာယာမြို့နယ် တောင်ဥက္ကလာပမြို့နယ် အထိ တည်ဆောက်မည့် မိုးပျံရထားလမ်းကို ရန်ကုန်မြို့ပြလူထုရထားပို့ဆောင်ရေးစီမံကိန်း (YUMRT)ဟု အမည်ပေးထားပြီး လက်ရှိတွင် JICA က ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုလုပ်ငန်းများ စတင်ဆောင်ရွက်နေ သည်။ ယင်းစီမံကိန်းသည် ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းမှု လျော့ပါးရေးအရေးပါသဖြင့် အမြန်ဆုံးအကောင်အထည်ဖော် ရန် လိုအပ်သည်ဟု မာစယုကီ ကာရစဝက ဆိုသည်။
‘‘ ဒီလိုစီမံကိန်းလုပ်ငန်းကာလအတွင်း စီမံကိန်းတည်ရှိရာ နယ်မြေအတွင်း ယာဉ်ကြောပိတ်ဆို့မှုတွေက ဖြစ်တတ်ပါတယ်။ တစ်ချိန် ကားစီးရေပိုများလာပြီး ယာဉ်ကြောကျပ်တည်းမှု ဆိုးရွား လာမှ အကောင်အထည်ဖော်မယ်ဆိုရင် အဆင်မပြေနိုင်ပါဘူး’’ဟု ၎င်းက ပြောသည်။
အဆိုပါ စီမံကိန်းသည် မဟာရန်ကုန်မြို့သယ်ယူပို့ဆောင်ရေးတိုးတက်ဖွံ့ဖြိုးမှု အစီအစဉ်တွင် ပါဝင်ကာ လက်ရှိ အကြိုလေ့လာ မှု လုပ်ငန်းများအတွက် ကန်ဒေါ်လာ သိန်းချီ သုံးစွဲထားကြောင်း JICA မြန်မာရုံး အကြီးအကဲက ဆိုသည်။ စီမံကိန်း အကောင်အထည်ဖော်ပါက ကန်ဒေါ်လာ ဘီလီယံနှင့်ချီကုန်ကျနိုင်မည်ဟု JICA က ခန့်မှန်းထားသည်။
လက်ရှိတွင် စီမံကိန်း တည်ဆောက်ရန် လှိုင်သာယာ- ပါရမီလမ်းပိုင်း၌ မြေသိမ်းဆည်းမည့် လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက မေလ ၃ ရက်တွင် ကြေညာထားသည်။
ရထားလမ်းအတွက် မြေသိမ်းရန် လိုအပ်သော လမ်းအကျယ်သည် ရန်ကုန်-ပုသိမ်လမ်း ပိုင်းတွင် ၂၉ မီတာ (၉၅ ပေ)နှင့် ပါရမီလမ်းတွင် ၂၂ မီတာ (၇၂ ပေ)ဖြစ်သည်။
ထို့ကြောင့် မြေသိမ်းဆည်းရာတွင် လှိုင်သာယာဘူတာ ပရဝဏ်အတွင်း မြေ ၅၄ ဧက ကျော်၊ ရန်ကုန်-ပုသိမ်လမ်းတစ် လျှောက်၌ ရထားလမ်းအလယ် မျဉ်းမှ ဘေးတစ်ဖက်စီသို့ ၁၄ မီတာခွဲ (၄၇ ပေခွဲ)၊ ပါရမီလမ်း ဘေးတစ်ဖက်စီတွင် ၁၁ မီတာ (၃၆ ပေ) ပါဝင်မည်ဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။
သို့သော် ယင်းစီမံကိန်းတည်ဆောက်ရေးလုပ်ငန်း စတင်မည့် ကာလကို ထုတ်ပြန်ခြင်းမရှိသေးပေ။
Credit: 7Daydaily