ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
အဆောက်အအုံပြီးစီးပါက လူနေထိုင်ခွင့် (BCC) ခွင့်ပြု ချက်မရသေးမီ နေထိုင်အသုံးပြု သူများပြားလာသောကြောင့် ခွင့်ပြုချက်တင်ရန် ညွှန်ကြားခဲ့ပြီး သတ်မှတ်ကာလကျော်လွန်ပါက အရေးယူမည်ဖြစ်ကြောင်း အင်ဂျင်နီယာနှင့်အဆောက်အအုံဌာန မှ သတင်းရရှိသည်။
လူနေထိုင်ခွင့် BCC ရရှိရန် ဌာနသို့ အဆောက်အအုံပြီးစီးကြောင်း မေလ ၃၁ ရက်နောက်ဆုံးထားပြီး လျှောက်ထားခွင့်ပြုခဲ့ကာ ယင်းကာလကျော်လွန်၍ စစ်ဆေးတွေ့ရှိပါက ပြင်းထန်စွာအရေးယူ မည်ဖြစ်ကြောင်း အဆိုပါဌာနက သတင်းထုတ်ပြန်သည်။
ဆောက်လုပ်ပြီးစီးသွားသည့် လူနေကန်ထရိုက် တိုက်ခန်း အချို့တွင် အများစုက တည်ဆောက်မှုပြီးပြီးချင်း တက်ရောက်နေထိုင်မှုများရှိနေသောကြောင့် အဆိုပါညွှန်ကြားချက်ကို ထုတ်ပြန်ခြင်းဖြစ်ပြီး ရပ်ကွက်အတွင်း ကန်ထရိုက်တာအများစုက တိုက်ခန်း ဝယ်ယူနေထိုင်လိုသူများကို လူနေထိုင်ခွင့်ကျပြီဟုဆိုကာ ရောင်းချမှုများရှိကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောသည်။
‘‘တချို့ကလည်း BCC စည်ပင်က လာစစ်မယ့်နေ့ကို ကြိုပြီး အခန်းမှာ နေတဲ့သူတွေကို ပြောထားတယ်။ လူတွေနဲ့ အိမ်ထောင်ပရိဘောဂတချို့ ခဏပြောင်း ရှောင်နေပြီး နားလည်မှုနဲ့ လုပ်နေ ကြတာကြာပြီ’’ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ၂၀၁၃ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ ၆၁ အရ စည်ပင်သာယာရေးကော်မတီ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ တွင်း ဝင်ရောက်နေထိုင်ပါက တည်ဆဲဥပဒေများဖြင့် အရေးယူနိုင်ကြာင်း ပြဋ္ဌာန်းထားသည်။
ထို့ကြောင့် သတ်မှတ်ရက်အတွင်း လာရောက်လျှောက်ထားပါက ဖြေလျှော့ပေး၍ ခွင့်ပြုချက်ထုတ်ပေးမည်ဖြစ်ပြီး သတ်မှတ်ရက်ကျော်၍ စစ်ဆေးတွေ့ရှိပါက အရေးယူမည်ဖြစ်သည်။
ဆောက်လုပ်ပြီးစီးသည့် လူနေကန်ထရိုက် တိုက်ခန်း များ၏ BCC ချပေးခြင်းကို အဆောက်အအုံ၏ ၁၀၀ ရာခိုင်နှုန်း ပြီးစီးမှသာ ခွင့်ပြုပေးပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကျွမ်းကျင်ပညာရှင်များက သွားရောက်စစ်ဆေးခြင်းဖြစ်သည်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com