ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
Spice Girls ပရိသတ်များသည် ယခုအခါ Spice Girls အသုံးပြုခဲ့သော ဘတ်စ်ကားကြီးပေါ်တွင် တစ်ညလျှင် ၉၉ ပေါင်ဖြင့် ငှားရမ်းတည်းခိုနိုင်ပြီဖြစ်ကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
၁၉၉၀ ပြည့်လွန်ကာလများအတွင်း အရွယ်ရောက်ခဲ့ကြသူများသည် Spiceworld အမည်ရှိ ရုပ်ရှင်ကို ကောင်းစွာသိကြမည် ဖြစ်၏။
ဘတ်စ်ကားကြီးသည် Spiceworld ရုပ်ရှင်ဇာတ်ကားအတွင်း Spice Girls များ အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။
Spiceworld ရုပ်ရှင်ဇာတ်ကားအတွင်း အမှတ်ရဖွယ်အဖြစ်ဆုံးမှာ ယူနီယံဂျက်အလံပုံ အုပ်မိုးပုံဖော်ထားသည့် နှစ်ထပ် ဘတ်စ်ကားကြီး ဖြစ်သည်။
ယခုအခါ Spice Girls အမာခံပရိသတ်များသည် Spiceworld ရုပ်ရှင်ဇာတ်ကားအတွင်း အသုံးပြုခဲ့သော မူရင်း original ဘတ်စ်ကားကြီးပေါ်တွင် တည်းခိုနိုင်ပြီ ဖြစ်သည်။
Spiceworld ရုပ်ရှင်ဇာတ်ကားအတွင်း အသုံးပြုခဲ့သော အထင်ကရ ဘတ်စ်ကားကြီးကို အမျိုးသမီးတစ်ဦးက အိမ်ငှားဝန်ဆောင်မှု ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Airbnb မှတဆင့် ကြော်ငြာလာခဲ့ခြင်း ဖြစ်သည်။
အဆိုပါ The Spice Bus ဘတ်စ်ကားကို လန်ဒန်မြို့၊ ဝင်ဘလေပါ့ခ်အရပ်တွင် ထားရှိထားမည်ဖြစ်ပြီး Spice Girls အမာခံပရိသတ်များ အနေဖြင့် လာမည့်ဇွန်လ ၁၄ ရက်မှ ၁၅ အကြား ညအိပ်ညနေ တည်းခိုနိုင်မည် ဖြစ်သည်။
ဘတ်စ်ကားကြီးကို မကြာသေးမီကပင် ပြန်လည်မွမ်းမံထားရာ ယူနီယံဂျက်အလံ အရောင်ခြယ်ထားသည့် ပန်းရောင်ထိုင်ခုံများ၊ “Girl Power” အမျိုးအစားနီယွန်မီးများ တပ်ဆင်ပေးထားပြီး ၁၉၉၀ ပြည့်လွန်နှစ်များတွင် ထွက်ရှိခဲ့သည့် မဂ္ဂဇင်းများ၊ စီဒီများ ထားရှိ ပေးထားရာ ဘတ်စ်ကားကြီးပေါ်သို့ ရောက်ရှိသွားသည်နှင့် အဆိုပါခေတ်သို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားရမည် ဖြစ်သည်။
အောက်ထပ်တွင် အရောင်အသွေးတောက်ပသော ထိုင်ခုံများ နေရာအနှံ့ ပျံ့ကြဲနေပြီး ပန်းအိုးများထည့်သွင်းပေးခြင်းမှာလည်း နေအိမ်တွင် ရောက်နေသည့်ခံစားမှုမျိုးပေးစွမ်းမည်ဖြစ်သည်။
သက်တောင့်သက်သာဖြစ်မည့်နေရာတစ်ခုအဖြစ် ဖန်တီးပေးထားခြင်းကြောင့် ဧည့်သည်များအနေဖြင့် အနားယူရင်း အချင်းချင်းနွေးထွေးသည့် ဆက်ဆံရေးမျိုးဖြင့် အချိန်ကို ကုန်လွန်စေနိုင်မည် ဖြစ်သည်။
အပေါ်ထပ်တွင် အဝတ်အစားလဲလှယ်သည့်နေရာထားရှိပေးထားရာ ဧည့်သည်တို့အနေဖြင့် ထိုတစ်နေ့တာအတွင်း မည်သို့သော ဝတ်စုံဝတ်ဆင်မည်ကို ဆုံးဖြတ်လဲလှယ်နိုင်မည် ဖြစ်သည်။ကပ်လျက်အိပ်ခန်းတွင် ၃ ဦးအိပ်စက်နိုင်မည်ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)