ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ဟောင်ကောင်အခြေစိုက် ထိပ်တန်း အိမ်ခြံမြေကုမ္ပဏီ Kerry Properties သည် တရုတ်ပြည်မကြီး၊ ဟန်ကျိုးမြို့ ရှိ အိမ်ခြံမြေ စီမံကိန်း နေရာကို ယွမ်ငွေ ၆ ဒသမ ၈ ဘီလီယံဖြင့် ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြ သည်။
တရုတ်ပြည်အရှေ့ ပိုင်း ဟန်ကျိုးမြို့ ရှိ စီမံကိန်းနေရာမှာ အကျယ်အဝန်းအားဖြင့် စတုရန်းမီတာ ၉၈၀၅၃ ( စတုရန်းပေ ၁ သန်း) ရှိပြီး အစိုးရလေလံတင် ရောင်းချမှုတွင် Kerry Properties က ယွမ်ငွေ ၆ ဒသမ ၈၁၄ ဘီလီယံ (ကန်ဒေါ်လာ ၉၈၅ သန်း) ဖြင့် လေလံအောင်မြင်ခဲ့ခြင်း ဖြစ်သည်။
Kerry Properties သည် ရှန်ဂရီလာဟိုတယ်အုပ်စုကို တည်ထောင်သူ Robert Kuok ပိုင်ဆိုင်သော ကုမ္ပဏီတစ်ခုဖြစ်ပြီး ယခု လေလံ အောင်မြင်သော မြေနေရာတွင် စတုရန်းမီတာ ၂၂၉၆၁၃ ကျယ်ဝန်းမည့် ဘက်စုံသုံးစီမံကိန်းတစ်ခု အကောင်အထည် ဖော်မည်ဖြစ်ကာ ရုံးခန်း၊ လက်လီအရောင်းဆိုင်များနှင့် ဟိုတယ်တစ်လုံးတို့ ပါဝင်မည် ဖြစ်သည်။
စီမံကိန်းဖော်ဆောင်မည့် ဟန်ကျိုးမြို့ သည် တရုတ်ပြည်၏ အချမ်းသာဆုံးသူဌေးကြီး Alibaba တည်ထောင်သူ ဂျက်မား၏ ဇာတိမြေ လည်း ဖြစ်သည်။
Kerry Properties သည် ဟန်ကျိုးမြို့ တွင် စတုရန်းမီတာ ၂၀၄၀၀၀ ကျယ်ဝန်းသည့် Hangzhou Kerry Centre ကို အကောင်အထည် ဖော် လည်ပတ်နေခဲ့ပြီးလည်း ဖြစ်သည်။
Kerry Properties သည် တရုတ်ပြည် အိမ်ခြံမြေဈေးကွက်သို့ အစောဆုံးခြေချခဲ့သည့် ပြည်ပအိမ်ခြံမြေ developer များတွင် တစ်ခု အပါအဝင်ဖြစ်ပြီး ယခုစီမံကိန်းနေရာအတွက် ၁ စတုရန်းမီတာလျှင် ယွမ်ငွေ ၂၉၆၇၇ အထိ သုံးစွဲကာ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး လေလံဈေး အပြိုင်အဆိုင် ဈေးမြှင့်ပေးမှုပေါင်း ၁၂၆ ကြိမ်အထိ ပြုလုပ်ကာ လေလံဆွဲခဲ့ရသည်။
“ယခုလေလံအောင်မြင်မှုသည် ကုမ္ပဏီအုပ်စုအတွက် ဟန်ကျိုးမြို့ ၏ အချက်အခြာနေရာတွင် ကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်မည့် အခွင့်အလမ်းတစ်ခု ရရှိလာခြင်းဖြစ်သည့်အပြင် စီမံကိန်းများအတွက် မြေယာပိုင်ဆိုင်မှု တိုးမြှင့်လာစေသည့် အခွင့်အလမ်းကောင်း တစ်ခုဖြစ်ကြောင်း ဒါရိုက်တာအဖွဲ့က ရှုမြင်ပါသည်” ဟု ဟောင်ကောင်စတော့အိတ်ချိန်းသို့ ထုတ်ဖော် ကြေညာချက် တစ်ရပ်တွင် ဖော်ပြသည်။
ယခုစီမံကိန်းသည် ဟန်ကျိုးမြို့  ၊ ဝမ်ဟွေ့ခရိုင်ရှိ Peace International Convention and Exhibition Center အနီးရှိ မဟာစီမံကိန်း တစ်ခုဖြစ်သော Hangzhou City Star International Tourism ကွန်ပလက်စ် စီမံကိန်းကြီး၏ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်နေသည်။
ယခုစီမံကိန်းတွင် ကြမ်းခင်းဧရိယာ ၄၉ ဒသမ ၅ ရာခိုင်နှုန်းကို လူနေဧရိယာအဖြစ် အကောင်အထည်ဖော်ရန် လျာထားအတည်ပြုပြီး ဖြစ်သည်။
စီမံကိန်းမြေနေရာ၏ အရှေ့ ဘက်တွင် ရှန်းနန်လမ်း၊ အနောက်ဘက်တွင် တုံရှင်းလမ်း၊ မြောက်ဘက်တွင် ဟန့်ယန်လမ်း၊ တောင်ဘက် တွင် ကွေ့ဟွာ အမှတ် ၉ လမ်းမကြီးတို့ ဝန်းပတ် တည်ရှိသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)