ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
မြို့ကြီး သုံးမြို့မှာ တည်ဆောက်နေတဲ့ နိုင်ငံ့ဝန်ထမ်း အငှား အိမ်ရာ အခန်းပေါင်း (၈၀၀)ကျော် တည်ဆောက်ခြင်းဟာ သည်နှစ်အောက်တိုဘာလမှာ ပြီးစီးမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
မြို့ပြနှင့် အိမ်ရာဖွံ့ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ‘ အောက်တိုဘာလပြီးမယ်၊ (၂၀၁၉)အောက်တိုဘာပေါ့၊ အခန်းပြီးမှာကတော့ (၈၀၀)ကျော်ပေါ့ ‘ လို့ပြောပါတယ်။
သည်နိုင်ငံ့ဝန်ထမ်း အငှား အိမ်ရာတွေ တည်ဆောက်နိုင်ဖို့အတွက် အစိုးရကနေ လက်ရှိဘဏ္ဍာနှစ်မှာ (၁၅)ဘီလျံခွင့်ပြုထားတယ်လို့ သိရပါတယ်။ သည်အခန်းပေါင်း (၈၆၀)တည်ဆောက်ပြီးစီးရင်တော့ နိုင်ငံ့ဝန်ထမ်းအဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေသူတွေအပါအဝင် အငြိမ်းစားဝန်ထမ်းတွေအတွက်လည်း ထည့်သွင်းဆောင်ရွက်ပေးသွားမယ်လို့ ဦးမင်းထိန်က ပြောပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေနဲ့ကလည်း ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ် နှစ်သစ်မိန့်ခွန်းပြောကြားရာမှာ နိုင်ငံ့ဝန်ထမ်းတွေ အငြိမ်းစားယူသွားတဲ့အခါ သိက္ခာရှိရှိနဲ့ နေထိုင်နိုင်ဖို့ အိမ်ရာတွေတည်ဆောက်ပေးသွားမယ်လို့ ပြောကြားထားခဲ့ပြီး ဖြစ်ပါတယ်။
အစိုးရအနေနဲ့ လက်ရှိမှာလည်း ဝန်ထမ်းတွေနေထိုင်မှု အဆင်ပြေစေဖို့ ပြည်ထောင်စုဘတ်ဂျက်နဲ့အပြင် တိုင်းဒေသကြီး/ပြည်နယ်တွေမှာ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဘတ်ဂျက်တွေနဲ့ ဝန်ထမ်းအိမ်ရာ (၁၅၇)လုံး၊ အခန်းပေါင်း (၂၄၈၄)ခန်းကိုလည်း တည်ဆောက်လျက် ရှိပါတယ်။
အခြေခံပြည်သူတွေ နေထိုင်ရေးအဆင်ပြေစေဖို့အတွက်တော့ ရန်ကုန်တိုင်းဒေသကြီး အတွင်း တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာစီမံကိန်းများမှ အိမ်ခန်း စုစုပေါင်း (၃၃၂၂)ခန်းကို ပြည်သူတွေနေထိုင်နိုင်ဖို့အတွက်လည်း တည်ဆောက်ပေးခဲ့ပြီး ဖြစ်ပါတယ်။
အခြားတိုင်းဒေသကြီးတွေမှာလည်း အိမ်ရာစီမံကိန်းတွေ ဆောင်ရွက်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့ မှာ အိမ်ခန်းပေါင်း (၆၇၆)ခန်း ပါဝင်တဲ့ ဥမ္မာဒန္တီအိမ်ရာစီမံကိန်းနဲ့ အိမ်ခန်းပေါင်း (၉၆)ခန်း ပါဝင်တဲ့ ပြည်တော်သာအိမ်ရာ၊ ကရင်ပြည်နယ် ၊ ဘားအံ့ မြို့မှာ အိမ်ခန်းပေါင်း (၄၈)ခန်း ပါဝင်တဲ့ ကြာအင်းတောင်အိမ်ရာတို့ကို တည်ဆောက်ရောင်းချပေးလျက် ရှိတယ်လို့ သိရပါတယ်။
Credit: The Kumudra