ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
အင်္ဂလန်နိုင်ငံတွင် အလယ်ခေတ် ရဲတိုက်ကြီးတစ်လုံးကို ပေါင် ၁ သန်းခွဲမျှဖြင့် အရောင်းဈေးကွက်ဝင်လာသည်။
Game of Thrones ဇာတ်ကားတွင်းမှ ရဲတိုက်ကြီးနှင့် များစွာတူညီသော အဆိုပါရဲတိုက်ကြီးမှာ အလယ်ခေတ်တွင် ဆောက်လုပ်ခဲ့ဟန် ထင်ရသော်လည်း စင်စစ်ကား ၁၉၉၀ ပြည့်လွန်ကာလများကမှ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
အင်္ဂလန်ရှိ ပင်လယ်ကမ်းခြေမြို့ ကလေးဖြစ်သော Torquay မြို့ တွင် တည်ရှိသည်။
ရဲတိုက်ကြီးကို Lincombe Keep ဟု အမည်ပေးထားပြီး ခေါ်ဈေးမှာ ပေါင် ၁ ဒသမ ၅ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၉ သန်း) ဖြစ်သည်။
နှစ်ပေါင်း ရာနှင့်ချီ၍ သက်တမ်းရှိပြီဟု ထင်ရသော်လည်း အမှန်တကယ်ကား ၁၉၉၂ ခုနှစ်တွင်မှ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ရဲတိုက်ပြင်ပကို ဆမ်းမားဆက်ဒေသထွက် ကျောက်တုံးများဖြင့် ဆောက်လုပ်ထားပြီး ခြံဝန်းအတွင်း နဂါးပျံရုပ်ကြီးများ၊ ရေကန်များ ၊ ရုပ်တုများနှင့် ပြည့်နှက်နေရာ Game of Thrones ဇာတ်ကားကို အမှတ်ရဖွယ်ပင်။
“Lincombe Keep ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကမှ ဆောက်လုပ်ခဲ့တာဖြစ်တာကြောင့် Torquay ဒေသခံတွေက သူရဲခိုတွေ ပါဝင်တဲ့ နံရံတွေနဲ့ သံမဏိဆူးချွန်တံခါး တို့ရဲ့  နောက်ကွယ်မှာ ဘာတွေရှိလဲဆိုတာ သိလိုကြတယ်။ အများစုကတော့ ဒီရဲတိုက်ကြီးဟာ ရှေးကတည်းက ဆောက်လုပ်ခဲ့တာဖြစ်တယ်လို့ ထင်နေကြပါတယ်။” ဟု အရောင်းဈေးကွက်တင်ပေးသည့် Absolute Sales & Lettings Ltd မှ ဒါရိုက်တာ ဆိုင်မွန် ဖစ်ရှာက ပြောကြားသည်။
“ဒီအချက်ကို ကျွန်တော်ကိုယ်တိုင်တောင်မှ အံ့အားသင့်မိပါတယ်။ ဒီလိုတမူထူးခြားတဲ့ အထင်ကရ အဆောက်အအုံကြီးကို ဈေးကွက်တင်ခွင့်ရတဲ့အတွက်လည်း ဝမ်းမြောက်မိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ရဲတိုက်ကြီးအတွင်း ဓာတ်လှေကားတစ်ခု၊ လေ့လာရေးခန်းမ၊ နားနေခန်း၊ ညစာစားခန်း၊ အိပ်ခန်း ၄ ခန်းတို့အပြင် အဝတ်အစားလဲခန်းနှင့် လသာဆောင်ပါဝင်သော master bedroom တို့လည်း ပါဝင်သည်။
နေစာလှုံ လသာဆောင်များ၊ ရှုခင်းကြည့်နေရာများ၊ ပင်လယ်ရှုမျှော်ခင်းတွေ့မြင်နိုင်သည့်နေရာများ၊ ခြံဝင်းအတွင်း လိမ္မော်ပျိုးအိမ်တို့ ပါဝင်သေးသည်။
ထိုအရာကို ဒီဇိုင်းရေးဆွဲပေးခဲ့သည်မှာ ဖရက်ဒ် ဟာရေးလ်ဒ်ဖြစ်ပြီး ၎င်းသည် ဗိသုကာပညာရှင်ကြီး ဆာ အက်ဒ်ဝင် လုထ်ယန်း၏ တပည့်ဖြစ်သည်ဟု ယူဆရသည်။
လက်ရှိပိုင်ရှင် မည်သူဖြစ်သည်ကိုမူ မသိရချေ။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)