ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
မကွေးတိုင်း ဒေသကြီးရှိတောင်သူများကို လယ်ယာမြေ ပိုင်ဆိုင်မှုပုံစံ (၇) ပြုလုပ်ပေးရာတွင် ၉၉ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန တိုင်းဦးစီးမှူး ဦးဇော်ဝင်းကပြောသည်။
မကွေးတိုင်းတွင် ပုံစံ (၇) ပြုလုပ်ပေးရမည့် တောင်သူဆယ့်ခုနစ်သိန်းခွဲရှိသည့်အနက် ဆယ့်ခုနစ်သိန်းတစ်သောင်းငါးထောင်ကျော်လုပ်ပေးသဖြင့် ရာနှုန်းပြည့်ပြီးစီးရေး ဆောင်ရွက်နေကြောင်း ၎င်းကပြောသည်။
‘‘ ပုံစံ (၇) တွေကို တောင်သူ တွေအားလုံးအတွက် အဆင်ပြေအောင် ကြိုးစားလုပ်ဆောင်ပေးနေပါတယ်။ ဒါပေမဲ့ မပေးနိုင်သေးဘဲ ကျန်နေတာတွေက တောင်သူတွေအချင်းချင်းမှာ ပိုင် ဆိုင်မှုတွေ ရှုပ်ထွေးနေတာတွေရှိတယ်။ ပေါင်နှံထားတာတွေရှိတယ်။ ဒါတွေကဖြေရှင်းရခက်နေတာတွေရှိတော့ အဲဒါတွေကြန့် ကြာတာတွေတော့ရှိတယ်’’ ဟု တိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကဆိုသည်။
ထို့အပြင် တောင်သူများသည် မိမိပိုင်ဆိုင်ထားသည့်လယ်ယာမြေ၏နယ်မြေအပိုင်းအခြား၊ မြို့နယ်များကို ရှင်းလင်းစွာမသိခြင်းကလည်း ပုံစံ (၇) ထုတ်ပေးနိုင်ရေး အခက်အခဲတစ်ခုဖြစ်ကြောင်း စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးကပြောသည်။
‘‘ ကိုယ်ပိုင်တဲ့လယ်ယာမြေ က ဘယ်မြို့နယ်ထဲမှာ ရှိတယ်ဆိုတာသိဖို့လိုပါတယ်။ တချို့ကိုယ့် မြို့နယ်ကနေကျော်ပြီးတခြားမြို့နယ်မှာ ပိုင်ဆိုင်နေတာမျိုးက ပိုဆိုးပါတယ်။ ဒါတွေကို စိစစ်တဲ့ အခါမှာ မကွေးမြို့နယ်ထဲမှာ လျှောက်ရမယ့်သူက တောင်တွင်းကြီးမြို့နယ်မှာ သွားလုပ်တာမျိုး တွေရှိတော့ နှောင့်နှေးနေတာ လေးတွေရှိတယ် ’’ ဟု ၎င်းက ပြောကြားသည်။
ထို့ကြောင့် ဌာနအနေနှင့် ကွင်းဆင်းစိစစ်၍ တောင်သူများ ကို ပုံစံ (၁) များထုတ်ပေးထားပြီး ယင်းပုံစံ (၁) ကိုကြည့်၍ ပုံစံ (၇) လျှောက်ထားရန်လိုအပ်ကြောင်း၊ ပုံစံ (၇) ပေးအပ်ရန်ကျန်နေသည် များကို ဆက်လက်စိစစ်ဆောင် ရွက်မည်ဖြစ်ကြောင်း ဦးဇော်ဝင်းက ပြောသည်။
Credit: 7Daydaily