ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ဟောင်ကောင်ရင်းနှီးမြှုပ်နှံသူတို့သည် စင်္ကာပူအိမ်ခြံမြေဈေးကွက်အပေါ် စိတ်ဝင်စားမှုများ ပြန်လည်မြင့်တက်လာလျက်ရှိနေသည်။
စင်္ကာပူ အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းလျက်ရှိချိန်အတွင်း ဟောင်ကောင်ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာနေခြင်းဖြစ်ပြီး ယခုနှစ် ဒုတိယ နှစ်ဝက်ကာလအတွင်း အိမ်ခြံမြေဈေးကွက် ပြန်လည်ကောင်းမွန်လာမည်ဟု ၎င်းတို့က ခန့်မှန်းထားသည်။
စင်္ကာပူတွင် ၂၀၁၈ ခုနှစ် နောက်ဆုံး ၃ လပတ်ကာလမှ စတင်ပြီး အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းနေခဲ့ရာ ယခုနှစ် ပထမ ၃ လတာ ကာလအတွင်းအထိ ၀ ဒသမ ၇ ရာခိုင်နှုန်း ဆက်လက်ကျဆင်းလျက်ရှိနေသည်။
ဈေးကွက်စောင့်ကြည့်လေ့လာသူတို့ကမူ စင်္ကာပူအိမ်ခြံမြေဈေးကွက်သည် ဒုတိယနှစ်ဝက်ကာလတွင် ပြန်လည်ဦးမော့လာကာ ဈေးနှုန်းများ ၅ ရာခိုင်နှုန်း မြင့်တက်လာဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။
၂၀၁၈ ခုနှစ်အတွင်း ဟောင်ကောင်ဝယ်လက်များထံ ရောင်းချခဲ့ရသည်မှာ နေအိမ် ၂၉ လုံးသာ ရှိခဲ့သည်။
ယင်းပမာဏမှာ ၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၄၂ ရာခိုင်နှုန်းခန့် ပိုမိုနည်းပါးနေသည်။
နိုင်ငံခြားဝယ်လက်များ၏ ဝယ်လိုအားကို ဖြတ်တောက်လျှော့ချကာ အိမ်ခြံမြေဈေးကွက် တည်ငြိမ်မှုရစေရန် စင်္ကာပူအစိုးရက မူဝါဒသစ်များ ချမှတ်ပြီးနောက် ရောင်းအားများ ကျဆင်းရခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သောနှစ် ဇူလိုင်လတွင် နိုင်ငံခြားဝယ်လက်များ၏ တံဆိပ်ခေါင်းခွန်မှာ ၁၅ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ယခုအခါ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ပြီ ဖြစ်သည်။
ထို့အပြင် LTV အချိုးဟုခေါ်သော ချေးငွေ-အိမ်တန်ဖိုးအချိုးကိုလည်း အိမ်ရာချေးငွေအားလုံးအတွက် ၅ ရာခိုင်နှုန်းအထိ လျှော့ချလိုက်ခြင်းလည်း ပါဝင်သည်။
(မှတ်ချက်- LTV အချိုး (သို့မဟုတ်) loan-to-value အချိုးဟူသည်မှာ အကယ်၍ သင်သည် သိန်း ၁၅၀၀ တန် နေအိမ်တစ်လုံး ဝယ်ယူရန်အတွက် ဘဏ်မှ သိန်း ၁၃၀၀ ချေးယူရသည်ဆိုပါက LTV အချိုးမှာ သိန်း ၁၃၀၀/သိန်း ၁၅၀၀ = ၈၇ ရာခိုင်နှုန်း ဖြစ်သည်။
LTV အချိုး ကြီးမားလေလေ ငွေချေးသူအတွက် အန္တရာယ်များလေလေ ဖြစ်သည်။)
“ဒီနှစ် ဒုတိယနှစ်ဝက် အကုန်ပိုင်းလောက်မှာ စင်္ကာပူအိမ်ခြံမြေဈေးနှုန်းတွေ ၅ ရာခိုင်နှုန်းလောက် ပြန်လည်မြင့်တက်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”ဟု Centaline Property Agency မှ အဆင့်မြင့်စီမံကိန်းဒါရိုက်တာ တဲရင့်စ်လောက ပြောကြားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)