ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ဗီယက်နမ်နိုင်ငံ၏ မြောက်မှတောင်သို့ ဖောက်လုပ်မည့် အဝေးပြေးအမြန်လမ်းမကြီး စီမံကိန်းကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားလျက်ရှိကြောင်း ဗီယက်နမ်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
တောင်မြောက်အမြန်လမ်းမကြီးစီမံကိန်းဘုတ်အဖွဲ့သည် အမျိုးသားအမြန်လမ်းမကြီး အမှတ် ၄၅ ၊ ငြိဆန်လမ်းပိုင်းအတွက် အကြို အရည်အသွေးစစ်ဆေးမှု စာရွက်စာတမ်းများကို လေလံဆွဲမည့်သူများထံ မေလ ၈ ရက်မှ ဇူလိုင်လ ၈ ရက်နေ့အကြား ဖြန့်ဝေပေးသွား မည်ဖြစ်ကြောင်း စီမံကိန်းရုံး ဘုတ်အဖွဲ့အကြီးအကဲ ကောက်ဗီယက်ဟွမ်က ပြောကြားသည်။
ဟွမ်က ပြောကြားရာတွင် ပြည်တွင်းကုမ္ပဏီများအပြင် ပြည်ပရင်းနှီးမြှုပ်နှံသူများစွာလည်း ပါဝင်လာပြီး တောင်ကိုရီးယား၊ ပြင်သစ်နှင့် ဂျပန်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံသူများစွာ ယခုစီမံကိန်းအပေါ် စိတ်ဝင်စားလျက်ရှိကြောင်း ပြောကြားသည်။
စီမံကိန်းကို အများပိုင်-ပုဂ္ဂလိက ဖက်စပ်လုပ်ငန်း (PPP) ပုံစံဖြင့် အကောင်အထည် ဖော်သွားမည်ဟု ဆိုသည်။
သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အမျိုးသား အမြန်လမ်းမကြီး အမှတ် ၄၅၊ ငြိဆန်လမ်းပိုင်းသည် အလျားအားဖြင့် ၄၃ ကီလိုမီတာရှိသည်။
စုစုပေါင်း ရင်းနှီးမြှုပ်နှံရမည့် တန်ဖိုးမှာ ဗီယက်နမ်ဒေါင်ငွေ ၆ ဒသမ ၃ ထရီလီယံ (ကန်ဒေါ်လာ ၂၀၇ ဒသမ ၉ သန်း) ကုန်ကျမည်ဟု ဆိုသည်။
ယင်းကုန်ကျငွေအနက် ဒေါင်ငွေ ၂ ထရီလီယံ (ကန်ဒေါ်လာ ၈၆ သန်း) ကို နိုင်ငံတော်ဘတ်ဂျက်မှ ကျခံပေးမည် ဖြစ်သည်။
စုစုပေါင်း ၆၅၄ ကီလိုမီတာ ရှည်လျားသည့် အရှေ့ပိုင်း မြောက်-တောင် အမြန်လမ်းပိုင်း စီမံကိန်းသည် ၂၀၁၇-၂၀၂၀ ကာလအတွင်း အကောင်အထည်ဖော်မည့် စီမံကိန်းဖြစ်ပြီး စုစုပေါင်း ဒေါင်ငွေ ၁၁၈ ဒသမ ၇၁ ထရီလီယံ (ကန်ဒေါ်လာ ၅ ဒသမ ၁ ဘီလီယံ) ကုန်ကျမည်ဖြစ်ကာ နိုင်ငံတော်ဘတ်ဂျက်မှ ဒေါင်ငွေ ၅၅ ထရီလီယံ (ကန်ဒေါ်လာ ၂ ဒသမ ၃၆ ဘီလီယံ) ကျခံပေးမည် ဖြစ်သည်။
စီမံကိန်း ၁၁ ခုအဖြစ် ပြန်လည်ခွဲထုတ်ထားပြီး နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံမည့် စီမံကိန်း ၃ ခုနှင့် PPP ပုံစံဖြင့် အကောင်အထည် ဖော်မည့် စီမံကိန်း ၈ ခုတို့ ဖြစ်ကြသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)