ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
Cher သည် အမေရိကန် ပေါ့ပ်အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ၁၉၄၆ ခုနှစ်၊ မေလ ၂၀ ရက်တွင် ကယ်လီဖိုးနီးယား ပြည်နယ်၌ မွေးဖွားခဲ့ပြီး ငယ်မည်မှာ ရှေရီလင်း ဆာကီစီယံဖြစ်သည်။
ပေါ့ပ်နတ်ဖုရားမဟု တင်စားခေါ်ဝေါ်ခြင်းခံရပြီး အမျိုးသားများကြီးစိုးသည့် ဂီတလောကတွင် ထူးချွန်စွာ ထွက်ပေါ်လာခဲ့သူတစ်ဦးလည်း ဖြစ်သည်။
သူ၏ ထူးခြားလှသော ကွန်ထရာလ်တို အသံကြောင့် နာမည်ကျော်သည်။
ကွန်ထရာလ်တိုဟူသည်မှာ အမျိုးသမီးအသံတွင် အနိမ့်ဆုံးအသံကို ရည်ညွှန်းခြင်းဖြစ်ပြီး သီဆိုနိုင်သူ အလွန်ရှားပါးသည်။
ဂီတနှင့် ရုပ်ရှင်သက်တမ်း နှစ်ပေါင်း ၆၀ ဖြတ်သန်းခဲ့ရာတွင် ဆုပေါင်း များစွာ ရရှိခဲ့ရာ ဂရမ်မီဆု ၁ ခု၊ အင်မီဆု ၁ ခု၊ အော်စကာဆု ၁ ခု၊ ရွှေကမ္ဘာလုံးဆု ၃ ခု၊ ကိန်းရုပ်ရှင်ပွဲတော်ဆု ၁ ခုတို့လည်း အပါအဝင် ဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ်ချပ်ရေ သန်း ၁၀၀ ကျော် ရောင်းချထားရပြီးဖြစ်ပြီး ဂီတသမိုင်းတွင် အရောင်းရဆုံး ဂီတ အနုပညာရှင်များတွင် တစ်ဦးအပါအဝင်အဖြစ် ရပ်တည်လျက်ရှိသည်။
ယခုအခါ ပေါ့ပ်နတ်ဖုရားမ CHER သည် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်ရှိ နေအိမ်ကို ကန်ဒေါ်လာ ၄၈ သန်းဖြင့် အရောင်း ဈေးကွက်တင်လာသည်။
အဆိုပါစံအိမ်တွင် တချိန်က ဟောလိဝုဒ်ကြယ်ပွင့် CHER နှင့် ဟာသသရုပ်ဆောင် အက်ဒီ မာဖီတို့ နေထိုင်ခဲ့ကြဖူးပြီး ယခုအခါ ဈေးနှုန်းများစွာ လျှော့ချပေးကာ အရောင်းဈေးကွက်ပြန်ဝင်လာခြင်း ဖြစ်သည်။
လွန်ခဲ့သော ၂ နှစ်ခန့်က ဈေးကွက်တင်ခဲ့သည့် မူလခေါ်ဈေးမှာ ကန်ဒေါ်လာ ၈၅ သန်းဖြစ်ပြီး ရောင်းမထွက်ဘဲရှိနေသောကြောင့် ယခုအခါ ၄၀ ရာခိုင်နှုန်းခန့်အထိ လျှော့ချပေးလိုက်ခြင်းလည်း ဖြစ်သသည်။
ပင်မနေအိမ်ကို မော်ရိုကိုဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး အကျယ်အဝန်း စတုရန်းပေ ၂၀၀၀၀ ခန့်ရှိကာ အိပ်ခန်း ၁၁ ခန်းနှင့် ရေချိုးခန်း ၁၇ ခန်း ပါဝင်သည်။
လော့စ်အိန်ဂျလိမြို့၊ Benedict Canyon တွင် တည်ရှိပြီး နာမည်ကျော် Beverly Hills ဟိုတယ်၊ Rodeo Drive တို့နှင့် ၁၀ မိနစ်ခရီးသာ ဝေးကွာသည်။
နေအိမ်ကို အဖြူရောင်သုတ်ဆေး၊ အမည်းရောင်သစ်တို့ဖြင့် ဆန့်ကျင်ဖက် တွဲစပ်ထားပုံမှာ ရိုးစင်းစွာခေတ်မီနေသည်။
နေအိမ်အပေါ်ထပ်များတွင် လသာဆောင်များ များပြားစွာ ထည့်သွင်းပေးထားသည်။
ပင်မနေအိမ်အပြင် စတုရန်းပေ ၇၀၀၀ အကျယ်အဝန်းရှိသော ဧည့်ဂေဟာအိမ်တစ်လုံးလည်း ပါဝင်ပြီး ရေကူးကန်ဘေး နေအိမ် တစ်လုံးလည်း ပါဝင်သေးသည်။
မြင်း ၅ ကောင်ထားသိုနိုင်သည့် မြင်းဇောင်းတစ်ခုပါဝင်ပြီး မြင်းစီးကွင်းတစ်ခုလည်း ပါဝင်သေးသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)