ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
စင်္ကာပူသည် ၎င်းနိုင်ငံသားများ၏ သီတင်းပတ်တစ်ပတ်လျှင် အိမ်ခြံမြေစူးစမ်းရှာဖွေမှုအတွက် ၃ ဒသမ ၂ နာရီကြာ အချိန်သုံးစွဲမှုကြောင့် အိမ်ခြံမြေလေ့လာစုံစမ်းမှု ပဉ္စမမြောက်အများဆုံးပြုလုပ်သည့်နိုင်ငံအဖြစ် စာရင်းတွင်ပေါ်ထွက်လာကြောင်း HSBC ၏ သုတေသနသစ်တစ်ရပ်က ဖော်ပြခဲ့သည်။
ယူအေအီးနိုင်ငံက ၎င်းနိုင်ငံသားများ၏ တစ်ပတ်လျှင် အိမ်ခြံမြေစူးစမ်းရှာဖွေမှု ၆ ဒသမ ၆ နာရီကြာ အချိန်သုံးစွဲမှုကြောင့် အိမ်ခြံမြေစူးစမ်းရှာဖွေမှုအများဆုံးပြုလုပ်သည့်နိုင်ငံဖြစ်ကြောင်း အွန်လိုင်းစစ်တမ်းဖြစ်သည့် ၎င်းသုတေသနက ညွှန်ပြခဲ့သည်။
အမေရိကန်က ၄ ဒသအ ၉၅ နာရီနှင့် ဒုတိယအများဆုံးဖြစ်ကာ ထိုင်ဝမ်က ၄ ဒသမ ၅၄ နာရီဖြင့် တတိယအများဆုံးဖြစ်ပြီး မက္ကဆီကိုက ၃ ဒသမ ၅၆ နာရီဖြင့် စတုတ္ထအများဆုံးဖြစ်ကြသည်။
ဗြိတိန်နှင့် သြစတြေးလျတို့က ၂ ဒသမ ၆၅ နာရီနှင့် ၂ ဒသမ ၅၁ နာရီတို့ဖြင့် နံပါတ် ၆နှင့် နံပါတ် ၇ တို့၌ အသီးသီးဖော်ပြခံခဲ့ကြရပြီး ကနေဒါနှင့် ပြင်သစ်တို့ကလည်း ၂ ဒသမ ၀၈ နာရီနှင့် ၁ ဒသမ ၇၄ နာရီတို့ဖြင့် နံပါတ် ၈ နှင့် နံပါတ် ၉ တို့တွင် ရပ်တည်ခဲ့ကြကြောင်း သိရသည်။
အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူ ၁၁၉၃၂ ဦးအား မဲပေးခိုင်းကာ စစ်တမ်းကောက်ယူခဲ့သည့် ၎င်း HSBC သုတေသနက ကမ္ဘာတစ်ဝန်း အရွယ်ရောက်ပြီးသူတစ်ဦးမှာ အိမ်ခြံမြေအွန်လိုင်းရှာဖွေစူးစမ်းမှုနှင့် အိမ်ခြံမြေမဂ္ဂဇင်းဖတ်ရှုမှုတို့အတွက် တစ်ပတ်လျှင် ပျမ်းမျှအားဖြင့် ၃ ဒသမ ၅ နာရီကြာ အချိန်သုံးစွဲကြောင်း တွေ့ရှိခဲ့သည်။
ယေဘုယျအားဖြင့် စစ်တမ်းတွင်ပါဝင်ဖြေဆိုခဲ့သူများ၏ ၆ ရာခိုင်နှုန်းက တစ်ပတ်လျှင် ၇ နာရီကြာ အိမ်ခြံမြေရှာဖွေမှုအတွက် အချိန်သုံးကြပြီး အိမ်အလွန်အကျွံရှာဖွေသူများဖြစ်ကြောင်း စစ်တမ်းက တွေ့ရှိခဲ့သည်။
ထိုအလွန်အကျွံရှာဖွေသူများ၏ အများစုဖြစ်သော ၇၉ ရာခိုင်နှုန်းက သူတို့သည် အိမ်ပိုင်ရှင်များကဲ့သို့ ၎င်းအိမ်များ သူတို့လက်ထဲတွင်ရှိသည်ဟု ခံစားရသဖြင့် ထို ၇ နာရီအား အကျိုးရှိသည်ဟု ယူဆကြကာ ၄၉ ရာခိုင်နှုန်းက သူတို့၏ အိမ်တန်းဖိုးအခြေအနေကို စစ်ဆေးကြခြင်းဖြစ်ကြောင်း ဖြေကြားခဲ့ကြသည်။
၁၉ ရာခိုင်နှုန်းဝန်းကျင်ကမူ အိမ်ခြံမြေဝယ်ယူနိုင်ရန်အတွက် သားသမီး ယူဦးမည်မဟုတ်ဟု ဖြေကြားခဲ့ကြကြောင်းလည်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)