ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ကနေဒါအခြေစိုက် Brookfield Asset Management ကုမ္ပဏီသည် အိန္ဒိယ၏ ထိပ်တန်းဟိုတယ်အုပ်စုကြီးများထဲမှ တစ်ခုဖြစ်သော လီလာအမှတ်တံဆိပ် ဟိုတယ် ၄ လုံးနှင့် ဆောက်လုပ်ဆဲဟိုတယ်စီမံကိန်းတစ်ခုကို Hotel Leela Venture ကုမ္ပဏီထံမှ ရူပီးငွေ ၃၉ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၅၇၆ သန်း) ဖြင့် ဝယ်ယူရန် သဘောတူညီခဲ့ကြကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
ယခုဝယ်ယူလိုက်မှုကြောင့် Brookfield သည် အိန္ဒိယမြို့များဖြစ်သော ဘန်ဂါလူရူ၊ ချန်နိုင်း၊ ဒေလီနှင့် ယူဒိုင်းပူရ်မြို့များတွင် ဟိုတယ်တစ်လုံးစီ ပိုင်ဆိုင်လာမည်ဖြစ်သည့်အပြင် အဂ္ဂရာတွင် အကောင်အထည်ဖော်နေသော စီမံကိန်းတစ်ခုလည်း ပိုင်ဆိုင်လာမည် ဖြစ်သည်။
Brookfield ၏ ကမ္ဘာလုံးဆိုင်ရာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ကန်ဒေါ်လာ ၁၅ ဘီလီယံသို့ရောက်ရှိခဲ့ပြီး ၂ လခန့်အကြာတွင် အိန္ဒိယရှိ ဟိုတယ်များကို ဝယ်ယူလိုက်ခြင်းလည်း ဖြစ်သည်။
Hotel Leela Venture သည် အိန္ဒိယရှိ နာမည်ကျော် ဟိုတယ်အမှတ်တံဆိပ်များဖြစ်သော Leela Palaces နှင့် Resorts Ltd တို့ကို ပိုင်ဆိုင်ထားသည်။
ယခုရောင်းချလိုက်သော Hotel Leela Venture ၏ ဟိုတယ် ၅ လုံးတွင် ဝယ်ယူသူသည် လီလာအမှတ်တံဆိပ်ကို အသုံးပြုခွင့်လည်း ပေးအပ်ထားသည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း အဆိုပါဟိုတယ်များမှ ရူပီးငွေ ၅ ဒသမ ၉၁ ဘီလီယံ ရရှိခဲ့သည်ဟု ဆိုသည်။
ထိုင်းနိုင်ငံတွင် အနန္တရ ဟိုတယ်အုပ်စုကို ပိုင်ဆိုင်ထားသည့် ထိုင်းအခြေစိုက် Minor Group သည်လည်း နိုင်ငံတကာ ဟိုတယ်အမှတ်တံဆိပ် ဝယ်ယူမှုများကို Brookfield ၏ ဝယ်ယူမှုမတိုင်မီ ပြီးခဲ့သောနှစ်အတွင်း ပြုလုပ်ခဲ့ဖူးသည်။
Minor Group သည် အကြွေးနွံနစ်နေသော တရုတ်ထိပ်တန်းကုမ္ပဏီကြီး HNA က ပိုင်ဆိုင်ထားသည့် စပိန် NH Hotels အုပ်စုကို ကန်ဒေါ်လာ ၇၂၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ကနေဒါကုမ္ပဏီသည် အိန္ဒိယတွင် ကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ရာတွင် ရုံးခန်းနေရာ စတုရန်းမီတာ ၂ ဒသမ ၃ သန်း ( စတုရန်းပေ ၂၅ သန်း) ခန့်လည်း ပါဝင်သည်။
Brookfield သည် ၂၀၁၄ ခုနှစ်အတွင်း ရုံးခန်းအဆောက်အအုံ ၄ ခုနှင့် အခြားအဆောက်အအုံ ၂ ခု၏ ရှယ်ယာများကို Unitech Corporate Parks ထံမှ ရူပီးငွေ ၃၅ ဘီလီယံဖြင့် ဝယ်ယူကာ အိန္ဒိယဈေးကွက်သို့ စတင်ခြေချခဲ့သည်။
ယင်းနောက် ၂၀၁၆ ခုနှစ်အတွင်းတွင်လည်း မွန်ဘိုင်းရှိ ရုံးခန်းနေရာ စတုရန်းပေ ၄ ဒသမ ၅ သန်းကို Hiranandani Group ထံမှ ရူပီးငွေ ၆၇ ဘီလီယံဖြင့် ထပ်မံဝယ်ယူခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)