ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
တရုတ်နိုင်ငံတွင် အိမ်ခြံမြေဘီလျံနာဦးရေအများဆုံး ရှိပြီး ဗြိတိန်နှင့် အမေရိကန်တို့ရှိ အိမ်ခြံမြေဘီလျံနာဦးရေထက် သာလွန်ခဲ့ပြီဖြစ်ကြောင်း Hurun Report သုတေသနလုပ်ငန်းမှ ထုတ်ပြန်သည့် ကမ္ဘာ့အိမ်ခြံမြေသူဌေးကြီးများစာရင်းအရ သိရသည်။
စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၅၀ ဘီလျံ အသားတင်ပိုင်ဆိုင်မှုရှိကြသည့် အိမ်ခြံမြေဘီလျံနာ ၁၃၉ ဦးဝန်းကျင်မှာ တရုတ်ပြည်မကြီးတွင် နေထိုင်ပြီး ဟောင်ကောင်တွင် အိမ်ခြံမြေဘီလျံနာ ၂၅ ဦး ရှိသည်။ ဟောင်ကောင်သည် ကမ္ဘာ့အိမ်ခြံမြေဘီလျံနာဦးရေ အများဆုံးမြို့ဖြစ်သည်။ အခြားတရုတ်မြို့ပြ ခြောက်ခုကလည်း ကမ္ဘာ့အိမ်ခြံမြေဘီလျံနာဦးရေ အများဆုံးမြို့ ၁၀ မြို့တွင် ပါဝင်သည်။ ရှန်းကျန်းတွင် အိမ်ခြံမြေဘီလျံနာ ၁၇ ဦး ရှိပြီး ပေကျင်းတွင် ၁၅ ဦး ရှိသည်။
တရုတ်တွင် အသားတင်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၃၇ ဘီလျံ ရှိသည့် ကမ္ဘာ့အချမ်းသားဆုံးအိမ်ခြံမြေဘီလျံနာ ရွှီကျားယင် ရှိသည်။ ရွှီက ရှန်းကျန်းအခြေစိုက် Development လုပ်ငန်း Evergrande ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သည်။ Evergrande ကုမ္ပဏီသည် စုစုပေါင်း စတုရန်းမီတာ ၅၂ သန်းရှိသော လူနေအိမ်ခြံမြေ အမေရိကန်ဒေါ်လာ ၈၅ ဘီလျံဖိုး ရောင်းချထားပြီးဖြစ်သည်။
အမေရိကန်သည် အိမ်ခြံမြေဘီလျံနာဦးရေ ၂၆ ဦးဖြင့် အိမ်ခြံမြေဘီလျံနာဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့စုစုပေါင်း၏ ၁၁ ရာခိုင်နှုန်း ရှိသည်။ ၎င်းအမေရိကန်အိမ်ခြံမြေဘီလျံနာ ၂၆ ဦး၏ စုစုပေါင်းပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ၁၁၀ ဘီလျံ ရှိပြီး အဓိကအားဖြင့် နယူးယောက်တွင် ကိုဦး၊ လော့စ်အိန်ဂျလိစ်တွင် နှစ်ဦးနှင့် နယူးပို့တ်ကမ်းခြေတွင် နှစ်ဦးတို့ ဖြစ်သည်။အသားတင်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁၇ ဘီလျံရှိသည့် ဒေါ်နယ်ဘရန် (Irvine ကုမ္ပဏီပိုင်ရှင်) က အမေရိကန်တွင် အချမ်းသားဆုံးအိမ်ခြံမြေဘီလျံနာ ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အသားတင်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၃ ဘီလျံဖြင့် ယင်းကမ္ဘာ့အိမ်ခြံမြေသူဌေးကြီးများစာရင်းတွင် နံပါတ် ၈၂ ဖြစ်သည်။
အိမ်ခြံမြေဘီလျံနာ ၁၇ ဦးရှိသည့် ဗြိတိန်က အိမ်ခြံမြေဘီလျံနာတတိယအများဆုံးနိုင်ငံဖြစ်ပြီး ဟုဂ်ျဂရော့စ်ဗန်နာနှင့် ချားလ်စ်ကာဒိုဂန်တို့က စုပေါင်းပူးဆိုင်မှု အမေရိကန်ဒေါ်လာ ၆၆ ဘီလျံဖြင့် ဗြိတိန်၏ အချမ်းသာဆုံးအိမ်ခြံမြေဘီလျံနာများဖြစ်သည်။ ဝက်စ်မင်စတာမြို့စား ဂရော့စ်ဗန်နာသည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁၇ ဘီလျံဖြင့် အဆိုပါစာရင်းတွင် အသက်အငယ်ဆုံးသူ ဖြစ်ကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)