ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ဘီအိုတီစနစ်နဲ့ ရောင်းချတဲ့အဆင့်မြင့်အိမ်ရာတွေ ဝယ်ယူသူတွေအနေနဲ့ စာချုပ်ပါ အချက်အလက်အတိုင်းဝယ်ယူသူများ မနစ်နာစေဖို့  စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကလုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
ဘီအိုတီစနစ်ဟာအစိုးရထံက ဌားရမ်းပြီးတည်ဆောက်ထားတာကြောင့် နှစ် ၇၀ ပြည့်ရင် အစိုးရကိုပြန်လည်လွှဲပြောင်းပေးရမှာဖြစ်တာကြောင့်အခန်းဝယ်ယူသူတွေ မနစ်နာစေဖို့ အစိုးရကဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။
အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) နည်းလမ်းများမှာ ပါဝင်တဲ့ BOT (Build , Operate , and Transfer) စနစ်နဲ့ တည်ဆောက်ထားတဲ့ အိမ်ရာတွေကနေ အငှါးစာချုပ်နဲ့ ဝယ်ယူထားသူများ မနစ်နာစေဖို့ အစိုးရအနေနဲ့ဆောင်ရွက်ထားတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြီးခဲ့တဲ့လွှတ်တော်အစည်းအဝေးမှာပြောကြားခဲ့တာပါ။
ပြည်သူ့ လွှတ်တော်အစည်းအဝေးမှာ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ဘီအိုတီစနစ်နဲ့ မြေငှါးရမ်းပြီး ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နေတဲ့ နိုင်ငံခြားကုမ္ပဏီများနဲ့ပတ်သက်ပြီး နောင်မှာ ဝယ်ယူသူ ၊ အငှါးချထားသူများ မနစ်နာစေရေး ရှင်းလင်းညွန်ပြပေးရန် အစီအစဉ် ရှိမရှိမေးမြန်းခဲ့တာလည်းဖြစ်ပါတယ်။
ဘီအိုတီ စနစ်နဲ့ ဆောင်ရွက်ရာမှာ ဟိုတယ် ၊ ရှော့ပင်စင်တယ် စတာတွေကိုသာပြုလုပ်သင့်တာဖြစ်ပြီးတော့ လူနေအိမ်တွေ မတည်ဆောက်သင့်ဘူးလို့ လည်းကျွမ်းကျင်သူတွေကဆိုပါတယ်။
စီမံဘဏ္ဍဒုဝန်ကြီး ဦးဆက်အောင်က ဘီအိုတီလုပ်ငန်းတစ်ခုဟာ အိမ်ရာတည်ဆောက်မှုတစ်ခုဖြစ်ရင် ဘီအိုတီလုပ်ငန်းသက်တမ်းကုန်ဆုံးပြီး လွှဲပြောင်းချိန်မှာ သည်အိမ်ရာအခန်းများ ဝယ်ယူနေထိုင်သူများနဲ့ ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်မယ်ဆိုတာကို ဘီအိုတီစာချုပ်ထဲမှာ ထည့်သွင်းချုပ် ဆိုနိုင်ကြောင်း ပြောပြခဲ့ပါတယ်။
ဘီအိုတီစာချုပ်မှာ သည်အချက်နဲ့ပတ်သက်ပြီး ထည့်သွင်းချုပ်ဆိုမှု မရှိရင် ဘီအိုတီသက်တမ်း ကုန်ဆုံးတဲ့အခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် သည်စာချုပ်ဆိုတဲ့ ဘီအိုတီစာချုပ်နဲ့အညီသာ လုပ်ငန်းဆောင်ရွက်မှုများကို အစိုးရသို့ လွှဲပြောင်းဆောင်ရွက်မယ်လို့ ဦးဆက်အောင်က ဆိုပါတယ်။
စီမံကိန်းတွေကို နည်းလမ်းတကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြီးခဲ့တဲ့ ၂၀၁၈ နိုဝင်ဘာလ ၃၀ ရက်နေ့က နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက်ထုတ်ပြန်ထားတဲ့အတိုင်း အစိုးရ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု စင်တာကို စီမံကိန်းနှင့် ဘဏ္ဍရေးဝန်းကြီးဌာနမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။
ဒါ့ကြောင့်အခန်းဝယ်ယူမဲ့သူတွေအနေနဲ့  ဒီစင်တာက တဆင့်စာချုပ်ပါ အချက်အလက်တွေကိုစစ်ဆေးခြင်းထည့်သွင်းချုပ်ဆိုခြင်းတွေပြုလုပ်ဖို့ ဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။
ရန်ကုန်မြို့ ရဲ့ အချက်အချာကျတဲ့နေရာတွေထဲက အစိုးရပိုင်မြေနေရာတွေမှာ BOT စနစ်နဲ့  လုပ်ကိုင်ခွင့်ပေးထားတာကြောင့်နိုင်ငံခြားကုမ္ပဏီတွေ အများစုဟာ ဈေးဝယ်စင်တာ လူနေအိမ်နဲ့  ဟိုတယ်တွေဆောက်လုပ်ပြီးစီးရောင်းချနေပြီလည်းဖြစ်ပါတယ်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com