ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID) နှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတို့က ဂျပန်နိုင်ငံမှ ရရှိသည့် ODA ချေးငွေဖြင့် ပထမဆုံးအကြိမ် ရောင်းချခဲ့သော အိမ်ရာများ ဝယ်ယူခွင့် ရရှိသူများသည် ဧပြီလကုန်မတိုင်မီ ဌာနနှင့် ဆက်သွယ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
ODA ချေးငွေဖြင့် အိမ်ရာရောင်းချရန် ဖေဖော်ဝါရီလအတွင်းက လျှောက်လွှာခေါ်ယူခဲ့ခြင်းဖြစ်ပြီး ဝယ်ယူခွင့်ရရှိသူများသည် ကနဦး ပေးသွင်းငွေ (၂၀)ရာခိုင်နှုန်းနှင့် ဘဏ်အတိုးနှုန်း (၈ ဒသမ ၅)ရာခိုင်နှုန်း၊ ချေးငွေကာလ (၁၅)နှစ်အထိ ချေးယူခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
“ ပထမအသုတ်ဝယ် ယူခွင့်ရရှိသူတွေအနေနဲ့ ကနဦးပေး သွင်းငွေ ပေးသွင်းဖို့နဲ့ အိမ်အပေါင်ချေးငွေဆိုင်ရာကိစ္စရပ်တွေ ဆက်လက်ဆောင်ရွက်ဖို့အတွက် CHID ဘဏ် ဒါမှမဟုတ် အိုးအိမ်ဌာနကို ဧပြီလ မကုန်ခင် ဆက်သွယ်ဆောင်ရွက်ဖို့ အသိပေးလိုပါတယ် “ ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အိမ်ရာစီမံကိန်းများရောင်းချရေး ကြီးကြပ်မှုကော်မတီမှ ပြည်သူ့အိမ်ရာတိုက်ခန်းများ ရောင်းချနိုင်ရေးအတွက် မိသားစုဝင် ငွေကျပ် (၅)သိန်းနှင့်အောက်ကို ပထမအုပ်စုအဖြစ်လည်းကောင်း၊ မိသားစုဝင် ငွေကျပ် (၅)သိန်းအထက်ကို ဒုတိယအုပ်စုအဖြစ်လည်းကောင်း အုပ်စု(၂)စုခွဲ၍ ယင်း(၂)စုကို အများပြည်သူ၊ နိုင်ငံဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်းဟူ၍ ရည်မှန်းအုပ်စု (၄)စု ထပ်မံခွဲခြားခဲ့ပြီး လျှောက်ထားလာသူ (၆၀၂၇)ဦးအနက် ပထမအသုတ်အဖြစ် (၇၂၂)ဦးကို ရောင်းချခဲ့ရာ စုစုပေါင်းလျှောက်ထားသူ (၄၈၆)ဦးက ဆက်သွယ် ဝယ်ယူခဲ့ကြောင်း၊ ၄င်းတို့အနက် ငွေအကြေပေးသွင်းသူ (၄၁)ဦးနှင့် အိမ်ပေါင် ချေးငွေစနစ်ဖြင့် ဝယ်ယူလိုကြောင်း ဆန္ဒပြုသူ (၄၄၅)ဦးရှိကြောင်း သိရသည်။
Credit: အကျိုးဆောင်ဂျာနယ်