ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
သုံးစွဲမှုမြှင့်တင်ရန် အစိုးရက ကြိုးပမ်းနေလင့်ကစား အိန္ဒိယအိမ်ခြံမြေဈေးကွက်သည် ယခုနှစ်တွင် ဖွံ့ဖြိုးမှုအရှိန်ပိုမိုလျော့ကျမည်ဟု ကျွမ်းကျင်သူများက ထင်မြင်နေကြကြောင်း Reuters သတင်းဌာန၏ စစ်တမ်းတစ်ရပ်က ဖော်ပြခဲ့သည်။
အိန္ဒိယရှိ လူနေအိမ်ခြံမြေဈေးနှုန်းများသည် ယခုနှစ်တွင် ၁ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်မည်ဟု ခန့်မှန်းရကြောင်း ဖေဖော်ဝါရီ ၁၃ နှင့် မတ် ၁ အကြားပြုလုပ်ခဲ့သည့် ၎င်းအိမ်ခြံမြေဈေးကွက်ကျွမ်းကျင်သူ ၂၀ ဦး၏ ထင်မြင်ချက်စစ်တမ်းအရ သိရသည်။
ယင်းသည် နိုဝင်ဘာစစ်တမ်းတွင် ဖြေကြားပေးခဲ့သူများ၏ ခန့်မှန်းမြင့်တက်နှုန်း ၂ ဒသမ ၀ ရာခိုင်နှုန်းအောက် အနည်းငယ်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း Reuters က မှတ်ချက်ပြုခဲ့သည်။
"အထွေထွေရွေးကောက်ပွဲပတ်ဝန်းကျင်မသေချာမှုတွေ၊ လတ်တလောငွေပေါ်လွယ်မှုအကျပ်အတည်းနဲ့ အတော်လေးနှေးကွေးလာတဲ့ရောင်းအားတွေကြောင့် အိမ်ဈေးနှုန်းတွေဟာ အသင့်အတင့်ပဲပြောင်းလဲတာကို တွေ့ရပါလိမ့်မယ်။" ဟု Anarock အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ၏ ဥက္ကဋ္ဌ အာနက်ဂ်ျပူရီက ပြောကြားခဲ့သည်။
ဒေသအားဖြင့် အိန္ဒိယမြို့တော် ဒေလီတစ်ခုတည်း၌သာလျှင် ယခုနှစ်အတွင်း အိမ်ဈေးနှုန်းများ ၂ ရာခိုင်နှုန်း ကျဆင်းနိုင်ခြေရှိသည်။ လာမည့်နှစ်အတွက် ခန့်မှန်းချက်များမှာမူ ဖွံ့ဖြိုးနှုန်းနှေးကွေးမှုမဆိုစလောက်သက်သာဖွယ်ရှိသည်။ ဆိုရသော် လာမည့်နှစ်တွင် အိန္ဒိယအိမ်ဈေးနှုန်းများ ၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ဖွံ့ဖြိုးမည်ဟု ခန့်မှန်းထားသည်။
စီးပွားရေးဖွံ့ဖြိုးမှုနှေးကွေးခြင်းနှင့် ဆက်စပ်နေသည့် ငွေပေါ်လွယ်မှုအကျပ်အတည်းက ဝယ်လက်များအား ဟန့်တားထားကြောင်း ဖြေကြားသူအများစုက ယူဆခဲ့ကြသည်။ အဓိကငွေကြေးအဖွဲ့အစည်းများတွင် ချေးငွေမြင့်တက်လာကြသဖြင့် ဘဏ်ချေးငွေထုတ်ပေးခြင်းအား ချုပ်တည်းထိန်းချုပ်ထားကလည်း အိမ်ဝယ်ယူမှုဈေးကွက်ကို နှိပ်ကွပ်သကဲ့သို့ ဖြစ်နေသည်။
အိန္ဒိယအစိုးရက ဆောက်လုပ်ဆဲနှင့် တန်ဖိုးနည်းအိမ်များအား ကုန်စည်နှင့် ဝန်ဆောင်မှုအခွန်ဖြစ်သော GST အခွန်စည်းကြပ်မှုနှုန်းထားလျှော့ချမှုများကို ပြီးခဲ့သည့်လတွင် ကြေညာခဲ့ကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)