ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တော်၊ မန်ဟက်တန်အရပ်တွင် ကန်ဒေါ်လာ ၂၅ ဘီလီယံအကုန်အကျခံ ဆောက်လုပ်နေ သော Hudson Yards မြို့သစ်၏ တစိတ်တဒေသဖြစ်သော Vessel ဟု ခေါ်သည့် အဆောက်အအုံကြီးတစ်ခုကို လာမည့်သောကြာနေ့ တွင် စတင်ဖွင့်လှစ်ရန် စီစဉ်ထားသည်။
Hudson Yards စီမံကိန်းသည် နယူးယောက်တွင် World Trade Center ကြီးပြန်လည်ဆောက်လုပ်သည့် စီမံကိန်းပြီးလျှင် အကြီးမားဆုံး စီမံကိန်းကြီးတစ်ခုဖြစ်လာသည်။
အပြီးသတ်ဆောက်လုပ်ပြီးစီးပါက မြေအကျယ်အဝန်း ၂၈ ဧက (၁၁ ဟက်တာ) ရှိသည့် စီမံကိန်းတွင် လူနေအိမ်နှင့် ရုံးခန်းများအတွက် တာဝါ ၁၆ ခု၊ ဟိုတယ်တစ်လုံး၊ စာသင်ကျောင်းတစ်ခု၊ အနောက်ပိုင်းတစ်ခွင်တွင် အမြင့်မားဆုံးဖြစ်လာမည့် ရှုမျှော်ခင်းကြည့်ရန်နေရာတို့ ပါဝင်မည့်အပြင် အနုပညာစင်တာတစ်ခုနှင့် ဈေးဝယ်စင်တာတစ်ခုလည်း ပါဝင်မည် ဖြစ်သည်။
စီမံကိန်း၏ ထက်ဝက်ခန့်မှာ အပြီးသတ်နေပြီဖြစ်ပြီး ကျန်ရှိသည်များကို ၂၀၂၅ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်နိုင်မည်ဟု မျှော်မှန်းထားသည်။
ယခုဖွင့်လှစ်လိုက်သော ကန်ဒေါ်လာ သန်း ၂၀၀ အကုန်အကျခံဆောက်လုပ်ထားသည့် Vessel နှင့် ဝန်းကျင်မှာ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်မည့်နေရာတစ်ခုဖြစ်လာဖွယ်ရှိသည်။
ယခင်က ထိုနေရာသည် မီးရထားဝန်းတစ်ခုဖြစ်ပြီး ကားရပ်နားသည့်နေရာလည်းဖြစ်ကာ ခြုံထူလှသော လူသွားလမ်းများမှာ ပြည့်တန်ဆာတို့ ကျက်စားရာအရပ် ဖြစ်ခဲ့သည်။
တန်ချိန် ၃၂၀၀ ခန့်ရှိသည့် အဆောက်အအုံကြီးဖြစ်ပြီး လိုအပ်သည့် စတီးနှင့် ကွန်ကရစ်အစိတ်အပိုင်းများကို အီတလီမှ မှာယူတင်သွင်းခဲ့ခြင်း ဖြစ်သည်။
“ ကျွန်တော်တို့မှာ ဗဟိုချက်နေရာတစ်ခု ရှိဖို့လိုပါတယ်။ ဆွဲဆောင်မှုရှိတဲ့နေရာတစ်ခု ရှိဖို့လိုပါတယ်။ ငါတို့ဘယ်မှာတွေ့ကြမယ်…လို့ ချိန်းဆိုတွေ့ဆုံကြမယ့်နေရာမျိုးပေါ့ ”ဟု ယခုစီမံကိန်းကို Oxford Properties Group နှင့်အတူ ပူးပေါင်းအကောင်အထည်ဖော်ခဲ့သည့် Related Hudson Yards ၏ ဥက္ကဌ ဂျေးခရော့စ်က ပြောကြားသည်။
ဝင်ကြေးမှာ အခမဲ့ဖြစ်သော်လည်း တန်းစီရခြင်းမှ ရှောင်လွှဲနိုင်ရန်အတွက် ကြိုတင်လက်မှတ်များ ရယူနိုင်သည်ဟု ဆိုသည်။
နာမည်ကျော် ကုမ္ပဏီကြီးများဖြစ်သော CNN ၊ ဇိမ်ခံကုန်ပစ္စည်းများ ထုတ်လုပ်သည့် Coach ၊ ဝါနာ မီဒီယာတို့လည်း Hudson Yards စီမံကိန်းတွင် ရုံးစိုက်ရန် စီစဉ်နေကြသည်။
လက်ရှိအားဖြင့် Hudson Yards မှ အရောင်းဈေးကွက်တင်ထားသော ဇိမ်ခံလူနေခန်း ၃၀၀ နီးပါးအနက် ၆၀ ရာခိုင်နှုန်းခန့်မှာ ရောင်းထွက်ခဲ့ပြီးဖြစ်သည်။
ရှုမျှော်ခင်းကြည့်သည့်နေရာကို ယခုနှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး Hudson Yards ၏ အမြင့်မားဆုံး အဆောက်အအုံများ အနက်မှ အဆောက်အအုံတစ်ခု၏ အထပ် ၁၀၀ မြောက်တွင် ဖွင့်လှစ်သွားမည် ဖြစ်သည်။
အင်္ဂလိပ်အက္ခရာ V ပုံသဏ္ဍာန်ရှိသည့် အဆိုပါနေရာသည် ကမ္ဘာကျော် အင်ပိုင်ယာစတိတ်အဆောက်အအုံကြီး၏ ၈၆ ထပ်မြောက်နေရာ ထက် ပေ ၁၀၀ ခန့် ပိုမိုမြင့်မားမည် ဖြစ်ကာ နယူးယောက်မြို့ကြီးနှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့ကို ငှက်တစ်ကောင်၏ မြင်ကွင်းမျိုးဖြင့် တွေ့မြင်ရမည် ဖြစ်သည်။
The Shed ဟု အမည်ပေးထားသော အနုပညာစင်တာမှာ စတုရန်းပေ ၂၀၀၀၀၀ ( ၁၈၅၈၀ စတုရန်းမီတာ) အကျယ်အဝန်းရှိကာ လာမည့် ဧပြီလ ၅ ရက်တွင် ဖွင့်လှစ်သွားမည် ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)