ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ရန်ကုန်သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့်အတွက်လာရောက် လျှောက်ထားသူနည်းပါးနေသေးတယ်လို့ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီထံမှ သတင်းရရှိပါတယ်။
မတ်လ ၂၅ ရက် နောက်ဆုံးလျှောက်ထားရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကကြေညာထားတာကြောင့် လျှောက်လွှာပိတ်ရက်နီးမှသာ လာရောက်ပြီး အမြောက်အမြားလျှောက်ထားနိုင်ဖွယ်ရှိတယ်လို့ YCDC ကအကြီးတန်းအရာရှိတစ်ဦး ကဆိုပါတယ်။
ယခုနှစ် ရန်ကုန်သင်္ကြန် မဏ္ဍပ်အကြီးနှင့် အလတ်များကို ဝေဇယန္တာလမ်း၊ ပါရမီလမ်း၊ မင်းဓမ္မလမ်း၊ ပြည်လမ်း၊ တက္ကသိုလ် ရိပ်သာလမ်း၊ စက်မှု (၁) လမ်း၊ ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်း၊ ပုဇွန်တောင်လမ်းနှင့် သံသုမာလမ်းတို့တွင် ဆောက်လုပ်ခွင့်ပြုမည်ဟု မတ်လ ၈ ရက် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
ယခင်က ရန်ကုန်သင်္ကြန် မဏ္ဍပ်ဆောက်လုပ်ခွင့်ကို မတ်လကုန်အထိ လက်ခံသော်လည်း ယခုနှစ်တွင် ဆောက်လုပ်မည့်သူများကြိုတင်ပြင်ချိန် ရရှိစေရန်အချိန်စော၍စီစဉ်ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ တွဲဖက်အတွင်းရေး မှူးဦးသန်းကဆိုသည်။
‘‘ မနှစ်ကတော့ ရက်နည်း နည်းကပ်သွားလို့ တချို့တွေ မဏ္ဍပ်ဆောက်ဖို့အခက်အခဲတွေ ရှိခဲ့ကြတယ်။ မနှစ်ကလိုမဖြစ်ရအောင် စောပြီးပြင်ဆင်တာ’’ ဟု ဦးသန်းကပြောသည်။
သင်္ကြန် မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်လွှာများကို မတ်လ ၄ ရက် ကစ၍ ရန်ကုန်မြို့တော်ခန်းမ ၌ရောင်းချခဲ့သည်။
ထို့အပြင် ယခုနှစ်တွင်လမ်းလျှောက်သင်္ကြန်ကို အင်းလျားလမ်း၌ ပြုလုပ်မည်ဖြစ်ပြီး မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းတွင်လည်း နေရာတိုးချဲ့ပြုလုပ်မည်ဟု ဦးသန်းကဆိုသည်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com