ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
အမေရိကန်ရုပ်ရှင်သရုပ်ဆောင် ဒင်းနစ်ကွိတ်၏ အမည်ရင်းမှာ ဒင်းနစ် ဝီလျံ ကွိတ်ဖြစ်ပြီး တက္ကဆပ်ပြည်နယ်၊ ဟတ်စတန်မြို့တွင် ၁၉၅၄ ခုနှစ်၊ ဧပြီလ ၉ ရက်တွင် မွေးဖွားသည်။
ရုပ်ရှင်ဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး Dragonheart (၁၉၉၆) ၊ The Day After Tomorrow (၂၀၀၄) ၊ G.I. Joe: The Rise of Cobra (၂၀၀၉)တို့မှာ ထင်ရှားသည်။
ယခုနှစ်အတွင်းတွင်လည်း ဒင်းနစ်ကွိတ် ပါဝင်သရုပ်ဆောင်ထားသော A Dog's Journey ၊ The Intruder နှင့် Midway ဇာတ်ကားများ ထွက်ရှိလာမည် ဖြစ်သည်။
ယခုအခါ ဒင်းနစ်ကွိတ်က လော့စ်အိန်ဂျလိမြို့အနောက်ဘက် ဆန်းဆက် ဘိုလဗာ့ဒ်အရပ်ရှိ စံအိမ်ကို ကန်ဒေါ်လာ ၅ ဒသမ ၉ သန်းဖြင့် ရောင်းချလိုက်သည်ဟု သတင်းထွက်ပေါ်လာသည်။
ဒင်းနစ်ကွိတ်၏ စံအိမ်ကို စပိန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး ၂၀၁၃ ခုနှစ်အတွင်း ဝယ်ယူခဲ့စဉ်က ကန်ဒေါ်လာ ၅ ဒသမ ၁ သန်း ပေးခဲ့ရသည်ဟုဆိုရာ ယခုခေါ်ဈေးဖြင့် ရောင်းထွက်ပါက ကန်ဒေါ်လာ ၈ သိန်းခန့် မြတ်စွန်းမည် ဖြစ်သည်။
၁၉၂၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့သောနေအိမ်ဖြစ်ပြီး ပြင်ပဗိသုကာလက်ရာမှာ များစွာ စိတ်ကူးယဉ်ဆန်လှသော လက်ရာမျိုးဖြစ်သည်။
မျက်နှာစာကို အသေးစိတ်မွမ်းမံထားရာ ပြတင်းပေါက်အသွင်စုံလင်ခြင်း၊ အင်္ဂတေ သရွတ်နုတို့၏ နူးညံ့ပျော့ပျောင်းသော လက်ရာ၊ စပိန်တောင်ပိုင်း အန်ဒါလူးရှားလက်ရာဟန်များ၊ ဆေးရေးမှန်များ တွေ့ရသည်။နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၆၁၀၀ ခန့်ရှိသည်။
ကျယ်ဝန်းသည့်နေရာရှိသော်လည်း အိပ်ခန်း ၃ ခန်းသာ ပါဝင်သည်။
ပြုပြင်မွမ်းမံမှုများစွာ ပြုလုပ်ထားသော်လည်း မူရင်းလက်ရာများစွာကိုလည်း မူရင်းမပျက်ထိန်းသိမ်းထားရာ အဟောင်းနှင့် အသစ်တို့ ဟန်ချက်ညီမှု အလှကို တွေ့ရမည် ဖြစ်သည်။
နေအိမ်အတွင်း မျက်နှာကြက်ထုတ်တန်းတို့ လှစ်ဟဆောက်လုပ်ထားမှု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင်သာထွက်သော ရှားပါးသစ်တစ်မျိုးဖြစ်သည့် redwood ၊ ပျဉ်ကြမ်းခင်းများ၊ မှန်များ အလျှံအပယ်အသုံးပြုထားခြင်း၊ ထုံးကျောက်ဖြင့်ပြုလုပ်ထားသော မီးလင်းဖိုတစ်ခု၊ နေအိမ်တစ်ခုလုံးနှင့် ကွဲပြားနေသော နံရံတစ်ခုတို့ ထည့်သွင်းဆောက်လုပ်ထားသည်။
ညစာစားခန်းတွင် နံရံပြင်ပသို့ ခုံးထွက်ဆောက်လုပ်ထားကာ ဆေးရေးမှန်များ တပ်ဆင်ထားသည့် bay window အမျိုးအစား ပြတင်း၊ ညစာစားခန်းနှင့် မီးဖိုဆောင်ကို ပေါင်းစည်းထားသည့်အခန်းတို့ကို တွေ့ရသည်။ရုပ်ရှင်ကြည့်ခန်းတွင်လည်း bay window အမျိုးအစား ပြတင်းနှင့် ရောင်စုံမှန်များ တပ်ဆင်ပေးထားသည်ကို တွေ့ရ၏။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)