ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ပြည်တွင်းပုဂ္ဂလိက ဘဏ်များကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းအထိ ပါဝင်ခွင့်ပြုလိုက်ခြင်းက ဘဏ်ဝန်ဆောင်မှုသုံးစွဲသူတွေအတွက်အခွင့်အရေးကောင်း ဖြစ်တယ်လို့ ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတွေကဆိုပါတယ်။
ပြည်တွင်းပုဂ္ဂလိကဘဏ် များသည် နိုင်ငံခြားဘဏ်များနှင့် ငွေရေးကြေးရေး အဖွဲ့အစည်း များမှ အကျိုးတူရင်းနှီးမြှုပ်နှံမှု (တစ်နည်း-ရှယ်ယာထည့်ဝင်ခွင့်) ကို လက်ခံဆောင်ရွက်နိုင်ကြောင်းနှင့် ယင်းသို့ ဆောင်ရွက်လိုပါက ဗဟိုဘဏ်သို့ တင်ပြရန် လိုအပ်ကြောင်း အမှာစာတွင် ဖော်ပြထားသည်။
မတည်ရင်းနှီးငွေနှင့် နည်းပညာအားနည်းချက်ရှိနေသော ပြည်တွင်းဘဏ်လုပ်ငန်းများအတွက် ဗဟိုဘဏ်၏ဖြေလျှော့ပေးမှုက အခွင့်အလမ်းကောင်းတစ်ခု ဖြစ်သည်ဟု ဘဏ်လုပ်ငန်းအသိုင်းအဝိုင်းမှ ကျွမ်းကျင်သူအချို့က သုံးသပ်သည်။
ပြည်တွင်း၌ ဖွင့်လှစ်ထား သော နိုင်ငံခြားဘဏ်ခွဲများနှင့် တန်းတူယှဉ်ပြိုင်နိုင်မည့် အခွင့် အရေးကောင်းတစ်ခုဖြစ်လာနိုင်သည်ဟု ၎င်းတို့က ခန့်မှန်းသည်။ ပြည်တွင်းဘဏ်လောကတွင် ပြိုင်ဆိုင်မှု ပြင်းထန်လာပြီး ဘဏ်ဝန်ဆောင်မှုသုံးစွဲသူများအတွက် အခွင့်အလမ်းကောင်းများရလာနိုင်သည်ဟု ဘဏ်လုပ်ငန်းကျွမ်းကျင်သူအချို့က သုံးသပ်သည်။
လက်ရှိ ဗဟိုဘဏ်၏ဖြေလျှော့ပေးမှုက ပုဂ္ဂလိကဘဏ်ပိုင်ရှင်များအတွက် ပိုကောင်းသည့် အပြောင်းအလဲတစ်ခုဖြစ်သည် ဟု ဘဏ်လုပ်ငန်းအကြံပေး ဦးရဲမင်းဦးက ပြောသည်။
၂၀၁၈ သြဂုတ် ၁ ရက်တွင် စတင်အသက်ဝင်သည့် ကုမ္ပဏီဥပဒေ၌ ခွင့်ပြုထားသော ပြည်တွင်းကုမ္ပဏီများတွင် နိုင်ငံခြားသားရှယ်ယာပါဝင်ခွင့်ကို ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များကိုပါ စတင်ခွင့်ပြုခြင်းဖြစ်သည် ဟု ဘဏ်လုပ်ငန်းကျွမ်းကျင်သူအချို့ က ပြောသည်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com