ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ကမ္ဘာကျော် အက်ရှင်သရုပ်ဆောင် ဘရုစ်ဝီလီ၏ အမည်အပြည့်အစုံမှာ ဝေါလ်တာ ဘရုစ် ဝီလီဖြစ်ပြီး ၁၉၅၅ ခုနှစ်၊ မတ်လ ၊ ၁၉ ရက်တွင် အနောက်ဂျာမနီ (ယခင်က ဂျာမနီနိုင်ငံ ၂ ခြမ်းကွဲနေခဲ့သည်) တွင် မွေးဖွားခဲ့သည်။ ဖခင် ဒေးဗစ်ဝီလီမှာ အမေရိကန်စစ်သည်တစ်ဦးဖြစ်ပြီး မိခင် မာလင်းမှာ ဂျာမနီနိုင်ငံသူတစ်ဦး ဖြစ်သည်။
ဘရုစ်ဝီလီသည် အက်ရှင်သူရဲကောင်းတစ်ဦးအဖြစ် တင်စားခံရပြီး ရုပ်ရှင်ဇာတ်ကားပေါင်း ၇၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။
ထင်ရှားသော ဇာတ်ကားအချို့မှာ Armageddon (၁၉၉၈), The Sixth Sense (၁၉၉၉),Sin City (၂၀၀၅) နှင့် The Expendables 2 (၂၀၁၂ ) တို့ ဖြစ်ကြသည်။
ကမ္ဘာကျော် Ghost ကားမှ မင်းသမီး ဒီမီမိုးရ်သည် ဘရုစ်ဝီလီ၏ ဇနီးဟောင်း ဖြစ်၏။
ယခုအခါ ဘရုစ်ဝီလီက လော့စ်အိန်ဂျလိမြို့တွင် နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၉ ဒသမ ၉၈ သန်းဖြင့် ဝယ်ယူလိုက်ပြီဟု ဆိုသည်။
ဘရုစ်ဝီလီသည် ပြီးခဲ့သော ၂၀၁၈ ခုနှစ်အတွင်း နယူးယောက်မြို့ရှိ duplex ခန်းကို ကန်ဒေါ်လာ ၁၇ ဒသမ ၇၅ သန်းဖြင့် ရောင်းထုတ်ခဲ့ပြီး ယခုအခါ လော့စ်အိန်ဂျလိတွင် နေအိမ်ဝယ်ယူလိုက်ခြင်းလည်း ဖြစ်သည်။
နယူးယောက်နေအိမ်အား ရောင်းချခဲ့ပုံသတင်းများကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက (၁) https://www.imyanmarhouse.com/news/read/702372 (၂) https://www.imyanmarhouse.com/news/read/705498 အင်တာနက်လင့်ခ်များတွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။
ဘရုစ်ဝီလီနှင့် ဇနီး အင်မာ ဟေးမင်းတို့ ဝယ်ယူလိုက်သောနေအိမ်မှာ လော့စ်အိန်ဂျလိမြို့၊ ဘရန့်ဝုဒ်အရပ်တွင် တည်ရှိပြီး အိမ်ခြံမြေ မှတ်တမ်းများအရ ပြီးခဲ့သောလအတွင်း ကန်ဒေါ်လာ ၉ ဒသမ ၉၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည့် မှတ်တမ်းများ ရှိသည်။
ဘရုစ်ဝီလီတို့ ဇနီးမောင်နှံသည် ယခုနှစ်အစောပိုင်းကတည်းကပင် အနောက်ဘက်ကမ်းရိုးတန်းဒေသသို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း ကြေညာခဲ့ကာ နယူးယောက်ပြည်နယ်၊ ဘက်ဖို့ဒ် ကော်နာစ်အရပ်ရှိ နေအိမ်ကိုလည်း အရောင်းဈေးကွက်တင်ခဲ့သည်။
(ဘက်ဖို့ဒ် ကော်နာရှိ နေအိမ်အား အရောင်းဈေးကွက်တင်ခဲ့ပုံသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီးဖြစ်ရာ https://www.imyanmarhouse.com/news/read/800717 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်)
အဆိုပါနေအိမ်သည် ယခုတိုင် အရောင်းဈေးကွက်တွင် ရှိနေဆဲဖြစ်ပြီး ခေါ်ဈေးမှာမူ ကန်ဒေါ်လာ ၁၁ ဒသမ ၉ သန်းသို့ လျော့ကျသွားသည်။
(မူလခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၂ ဒသမ ၉၅ သန်းဖြစ်)
လော့စ်အိန်ဂျလိနေအိမ်မှာ ၃ ထပ်အဆောက်အအုံဖြစ်ပြီး ကြမ်းခင်းဧရိယာ ၁၃၀၄၈ စတုရန်းပေ အကျယ်အဝန်းရှိပြီး အိပ်ခန်း ၇ ခန်းနှင့် ရေချိုးခန်း ၁၂ ခန်းအထိ ပါဝင်သည်။
မျက်နှာကြက်မြင့်မားသော နားနေခန်းမှ ဝင်ရောက်သွားလျှင် မီးလင်းဖိုတစ်ခုပါဝင်သော ဧည့်ခန်း၊ ညစာစားခန်းတို့သို့ ရောက်ရှိမည် ဖြစ်သည်။
မီးဖိုဆောင်သည် မိသားစုနားနေခန်းနှင့် ဆက်သွယ်ပေးထားပြီး ထိုမှထွက်လျှင် နောက်ဘက်ခြံဝန်းသို့ ရောက်ရှိမည် ဖြစ်သည်။
ခြံဝန်းအတွင်းတွင်ကား ရေကူးကန်၊ spa ၊ ရေကူးကန်ဘေး အပန်းဖြေနေရာ ၂ ခု၊ အကင်နေရာတစ်ခုတို့ ပါဝင်သည်။
အပေါ်ထပ်တွင် အဝတ်အစားထားသိုခန်း၊ မီးလင်းဖိုနှင့် သီးသန့်လသာဆောင်တို့ ပါဝင်သည့် master bedroom တစ်ခုကို တွေ့ရမည် ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)