ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ကမ္ဘာတစ်ဝန်းရှိ UHNWI (အသားတင်ပိုင်ဆိုင်မှုအလွန်မြင့်မားသူများ တစ်နည်းဆိုရသော် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်သော ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ သန်း ၃၀ ထက်မနည်း ပိုင်ဆိုင်သူ) များ၏ ၂၃ ရာခိုင်နှုန်းဝန်းကျင်က ယခုနှစ်အတွင်း သူတို့နိုင်ငံများရှိ အိမ်ခြံမြေများတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားပြီး ၂၇ ရာခိုင်နှုန်းက ပြည်ပတွင် ရင်းနှီးမြှုပ်နှံရန် စဉ်းစားနေကြကြောင်း ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Knight Frank ၏ သဘောထားစစ်တမ်းမှ အချက်အလက်များအရ သိရသည်။
အာရှတိုက်တစ်ခုတည်းရှိ UHNWI များ၏ ၃၃ ရာခိုင်နှုန်းခန့်က ၂၀၁၉-၂၀၂၀ ကာလအတွင်း သူတို့နိုင်ငံများရှိ အိမ်ခြံမြေများတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြကြောင်း၊ ၂၇ ရာခိုင်နှုန်း ဝန်းကျင်ကမူ ပြည်ပတွင် ရင်းနှီးမြှုပ်နှံရန် စဉ်းစားနေကြကြောင်း Knight Frank ၏ ဥစ္စာဓနအစီရင်ခံစာသစ်ပါ ၎င်းစစ်တမ်းတွင် ဖော်ပြထားသည်။
၎င်းသဘောထားစစ်တမ်းသို့ ဖြေဆိုခဲ့သူများတွင် ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များနှင့် ဥစ္စာဓနစီမံမှုနှင့်ပတ်သက်၍ အကြံပေးသူများ စုစုပေါင်း ၆၀၀ ဦး ပါဝင်ခဲ့သည်။
အာရှမှဖြေဆိုသူများ၏ ၆၅ ရာခိုင်နှုန်းခန့်နှင့် အမေရိကန်နိုင်ငံမှဖြေဆိုသူများ၏ ၅၉ ရာခိုင်နှုန်းခန့်တို့က အနာဂတ်တွင် ဥစ္စာဓနကို ဖန်တီးထိန်းသိမ်းနိုင်ရန် ဒေသဆိုင်ရာအခြေအနေများကြောင့် ခက်ခဲလိမ့်မည်ဟု ဖြေကြားခဲ့ကြသည်။
အရှေ့အလယ်ပိုင်းဒေသမှ ဖြေဆိုသူများ၏ ၇၄ ရာခိုင်နှုန်း၊ လက်တင်အမေရိကနိုင်ငံမှ ဖြေဆိုသူများ၏ ၆၅ ရာခိုင်နှုန်းနှင့် ဥရောပတိုက်မှ ဖြေဆိုသူများ၏ ၄၉ ရာခိုင်နှုန်းတို့က ပြည်ပနိုင်ငံများတွင် ဒုတိယမြောက်အိမ်ပိုင်ဆိုင်ကြသည်။ အရှေ့အလယ်ပိုင်းဒေသမှ ဖြေဆိုသူများ၏ ၄၆ ရာခိုင်နှုန်းက ၂၀၁၉-၂၀၂၀ ကာလတွင် ပြည်ပနိုင်ငံများမှ အိမ်ခြံမြေများတွင် ရင်းနှီမြှုပ်နှံရန် စီစဉ်နေကြောင်း ဖြေကြားခဲ့ကြသည်။
ကမ္ဘာတစ်ဝန်းတွင် ပထမနေအိမ်နှင့် ဒုတိယမြောက်နေအိမ်တို့ကို ဝယ်ယူမှုများအတွက် ပညာရေးက သိသာထင်ရှားသော အဓိကမောင်းနှင်သူဖြစ်လာသည်။ ကြယ်ငါးပွင့်ဟိုတယ်အရေအတွက်နှင့် ထိပ်တန်းစားသောက်ဆိုင်များ၏ အရေအတွက်နှင့် အရည်အသွေးတို့ကဲ့သို့သောလုံခြုံမှုနှင့် ဇိမ်ခံနိုင်မှုတို့ကလည်း အလားတူပင်ဖြစ်လာကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)