ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ရန်ကုန်တိုင်းဒေသကြီးအတွင်း စုပေါင်းပိုင်အဆောက်အအုံအဖြစ် မှတ်ပုံတင် ဆောင်ရွက်လိုသူများအတွက် စုပေါင်းပိုင်အဆောက်အအုံတည်ထောင်သူ လုပ်ငန်းလိုင်စင်ကြေးနှင့် အိမ်ခန်းမှတ်ပုံတင်ကြေးများကို တရားဝင်သတ်မှတ်လိုက်ပြီဖြစ်ကြောင်း စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ မှတ်ပုံတင်ရုံးမှ မတ်လ (၁)ရက်က သိရသည်။
ကွန်ဒိုမီနီယမ် နည်းဥပဒေထွက်ရှိပြီးနောက် လုပ်ငန်းပိုင်းဆိုင်ရာ စတင်ဆောင်ရွက်ရေးအတွက် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ မှတ်ပုံတင်ရုံးကို ယခုနှစ်ဆန်းပိုင်းက စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ကွန်ဒိုမီနီယမ်နှင့် ပက်သက်သည့် ကိစ္စရပ်များကို ဆောင်ရွက်ပေးလျက်ရှိရာ တည်ထောင်ခွင့်ပြုမိန့်လိုင်စင်ကိုလည်း စတင်ချထားပေးလျက်ရှိကြောင်း သိရသည်။
စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ မှတ်ပုံတင်ရုံးမှ ကွန်ဒိုနှင့် ပက်သက်၍ လုပ်ငန်းလိုင်စင်၊ တည်ထောင်ခွင့်ပြုမိန့် လိုင်စင်များအပြင် အခန်းပိုင်ရှင်များအတွက် အုံနာဘုတ်ကိုလည်း ထုတ်ပေးမည်ဖြစ်ကြောင်း၊ အိမ်ခန်းမှတ်ပုံတင်ကြေးအဖြစ် ငွေကျပ် သိန်း (၁,၀၀၀)ထိ တန်ဖိုးရှိသော အိမ်ခန်းများအတွက် (၂၀,၀၀၀)ကျပ်၊ ငွေကျပ် သိန်း (၁,၀၀၀)အထက်မှ ကျပ်သိန်း (၃,၀၀၀)ထိ တန်ဖိုးရှိသော အိမ်ခန်းများအတွက် (၃၀,၀၀၀)ကျပ်၊ ငွေကျပ်သိန်း (၃,၀၀၀)အထက်တန်ဖိုးရှိသော အိမ်ခန်းများအတွက် (၅၀,၀၀၀)ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
Credit: အကျိုးဆောင်ဂျာနယ်