ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
အိမ်ခြံမြေဈေးကွက် ပိုမိုကောင်းမွန်လာနိုင်မည့် Apartment Law ကို ရေးဆွဲလျက်ရှိရာ လာမည့် ဇွန်လတွင် မူကြမ်းထွက်ရှိရန် ဆောင်ရွက်နေပြီး ယခုနှစ်ကုန်တွင် အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Apartment Law ထွက်ရှိလာပါက ကွန်ဒိုများကဲ့သို့ အရောင်းအဝယ်မှတ်ပုံတင်ခြင်း၊ စာချုပ်တံဆိပ်ခေါင်းကပ်ခြင်း၊ အမြတ်ခွန်ဆောင်ခြင်းများနှင့် ကွန်ဒိုများနည်းတူ ဘဏ်၌ ပေါင်နှံခွင့်ရှိခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
“ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်၊ Myanmar Development Association (၃)ခုပေါင်းပြီး ဆောက်လုပ်ရေးလောကနဲ့ သက်ဆိုင်သူတွေကို ဖိတ်ကြားပြီး သူတို့ ဥပဒေရေးဆွဲရာမှာ တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ပြီး ညှိနှိုင်းဆောင်ရွက်လျက် ရှိပါတယ်။ ဒီ (၆)လပိုင်းလောက်တော့ မူကြမ်းရေးဆွဲကာ ပြီးနိုင်မယ်။ ဒါပေမဲ့ လွှတ်တော်တင်မှာဆိုတော့ ပထမတော့ ကျွန်တော်တို့ ရည်မှန်းတာ ဒီနှစ်လယ်လောက်ပေါ့။ အခုတကယ်တမ်းဆို နောက်အကျဆုံး နှစ်ကုန်ပိုင်းပေါ့။ လွှတ်တော်တင်တာ ဘာတင်တာနဲ့ အတည်ပြုနိုင်မယ် ထယ်ပါတယ် “ ဟု ယင်းက ပြောသည်။
Credit: အကျိုးဆောင်ဂျာနယ်