ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
အမေ့အိမ်ဆိုသည့် ဝေါဟာရကို ကြား ရုံနှင့် ကျွန်တော်တို့အားလုံး လွမ်းဆွတ် တသကြသည်။ သတိတရဖြစ်ကြသည်။ချက်ချင်းဆိုသလိုပင် အမေ့အိမ်ကို အရောက်ပြန်သွားချင်ကြသည်။
အမေ့အိမ်သည် ကျွန်တော်တို့ အားလုံးအတွက် သာယာနာပျော်ဖွယ်ရာ အကောင်းဆုံး နေရာတစ်ခုဖြစ်သည်။ ငြိမ်းချမ်းအေးမြသည့် နေရာတစ်ခုလည်း ဖြစ်သည်။ မေတ္တာတရားနှင့် လွှမ်းခြုံထားသည့် အ၀န်းအ၀ိုင်းတစ်ခုလည်း ဖြစ်သည်။ အမေ့အိမ်တွင် နေထိုင်ရှင်သန်ရသည့် အခိုက်အတန့်သည် ပူပန်စရာများ ကင်းမဲ့ခဲ့သည်။စိုးရိမ်ကြောင့်ကြဖြစ်မှုများ ရှားပါးခဲ့သည်။
အမေ့အိမ်နှင့် ပတ်သက်၍ ကဗျာတွေရေးကြသည်။ သီချင်းတွေ ဆို ကြသည်။ ၀တ်္ထုတွေရေးကြသည်။ ရသအစုံစုံနှင့် ပျော်ရွှင်ခဲ့ရသည်လည်း ရှိသည်။ ၀မ်းနည်းခဲ့ရသည်လည်း ရှိသည်။
အမေသည် သူကိုယ်တိုင် ရင်နှင့် လွယ်၍ မွေးထုတ်ထားခဲ့ရသည့် သား၊ သမီးများကို သူနှင့်အတူ ရှိစေချင်သည်။ မရှိအတူ ၊ ရှိအတူ နေထိုင်စေချင်သည်။ အမေကိုယ်တိုင် အပင်ပန်းခံ ရှာဖွေကျွေးမွေး၍ သားသမီးများစွာကို လူတစ်လုံး သူတစ်လုံး ဖြစ်စေခဲ့သည်။ ဖြစ်နိုင်လျှင်တော့ အမေသည် သူမွေးခဲ့သည် သား၊ သမီးများကို ခြေမွေးမီးမလောင်၊ လက်မွေးမီးမလောင် ရှိနေစေလိုသည်။
သို့ပေမယ့် အမေကိုယ်တိုင်လည်း စိတ်ကူးသာရှိသည်။ တကယ်လက်တွေ့လုပ်ဆောင်ရန်အတွက် ခဲယဉ်းခဲ့သည်။ ထို့အတွက် ကျွန်တော်တို့ အတော်များများသည် အချိန်တန် အရွယ်ရောက်၍ ပညာစုံလင်သည့်အခါ အမေ့ အိမ်ကို ကျောခိုင်းခဲ့ကြရသည်။ ကျောမခိုင်း ချင်ပါလျက်နှင့် အမေ့ကို နှုတ်ဆက်ခဲ့ရ သည်။ အမေ့အိမ်လေးမှ မိုင်ပေါင်းရာ ချီ၊ ထောင်ချီဝေးကွာသည့် ရေကြည်ရာ မြက်နုရာ အရပ်ဆီသို့ ရွက်လွှင့် ခဲ့ကြရ သည်။
မျှော်လင့်ချက်ဆိုသည်မှာလည်း ကျွန်တော်တို့ အားလုံး စတင်မွေးဖွားချိန်မှ သေဆုံးချိန်အထိ ရှင်သန်နေခဲ့သည့် အရာတစ်ခုဖြစ်သည်။ မျှော်လင့်ချက် ဖြင့် အသက်ဆက်ရှင်သန်ကြသည်။ မနက်ဖြန်ပေါင်း များစွာကို ကြိုတင်တွေးဆ၍ ရင်ခုန်စိတ်ကူး မျှော်လင့်ကြသည်။ အိပ်မက်တွေမက်ကြသည်။ ဖြစ်လာခြင်း ဖြစ်မလာခြင်းကို အပထား၍ မျှော်လင့်ချက်ဖြင့် ရှင်သန်ကြသည်။ မျှော်လင့်ထား၍ လှုပ်ရှားဆောင်ရွက်ကြသည်။ ထို့ကြောင့် အမေ့အိမ်ကို ကျောခိုင်း ၍ ထွက်ခွာလာကြသည့် ကျွန်တော်တို့ အားလုံး၏ တူညီသည့်အချက်တစ်ခုသည် မျှော်လင့်ချက်များပင် ဖြစ်ပါသည်။ လူ အမျိုးမျိုး စိတ်အထွေထွေဖြစ်၍ မျှော်လင့် ထားသည့် အရာများလည်း တူညီနိုင်မည် မဟုတ်ကြ။ ကွဲပြားခြားနားမှုရှိသည်။ တချို့က ဆရာဝန်ကြီးဖြစ်ရမည် ဆိုသည့် မျှော်လင့်ချက်နှင့်။ တချို့က အင်ဂျင်နီယာကြီးဖြစ်ရမည်ဆိုသည့် မျှော်လင့်ချက်နှင့်။ တချို့က စစ်ဗိုလ်ကြီး ဖြစ်ရမည်ဆိုသည့် မျှော်လင့်ချက်နှင့်။ တချို့ က သူဌေးကြီး ဖြစ်ရမည်ဆိုသည့် မျှော်လင့်ချက်နှင့်။ တချို့က စာရေးဆရာကြီး ဖြစ်ရမည်ဆိုသည့် မျှော်လင့်ချက်နှင့်။ အမျိုးမျိုးသော မျှော်လင့်ချက်များကို ထမ်းပိုး၍ အမေ့အရိပ်အာဝါသ အောက်မှ လူတွေရှိရာအရပ်ဆီ၊ မျှော်လင့်ချက် များ ပြည့်ဝမည်ဟု ယူဆရမည့် အရပ်ဒေသသို့ ချီတက်ခဲ့ကြသည်။ နောက်ဆုံး မျှော်လင့်ချက်သည်ပင်လျှင် အမေ့အတွက်၊ အဖေ့အတွက် ပိုက်ဆံပို့ပေးနိုင်ဖို့ ကြိုးစားရမှာပဲ ဆို သည့် မျှော်လင့်ချက်တစ်ခုဖြစ်သည်။
အမေ့အိမ်ကို ကျောခိုင်းခဲ့ကြ ပြီဆိုတည်းက မျှော်လင့်ချက်များစွာကို ထမ်းပိုးပြီး မိုင်ထောင်သောင်း ခရီးအကွာ အဝေးကို နှင်ခဲ့ကြသူတွေဖြစ်သည်။ ကြုံတွေ့လာရမည့် အခက်အခဲ အကြပ်အ တည်းများ၊ ဒုက်္ခများ၊ သောကများကို ဒူးမထောက် လက်မမြှောက်ဘဲ ရင်ဆိုင် ဖြေရှင်းမည်ဆိုသည့် ခွန်အား စိတ်ဓာတ်များဖြင့် လျှောက်လှမ်းခဲ့ကြသူတွေ ဖြစ်သည်။ မနက်ဖြန်ဆိုသည့် မျှော်လင့်ချက်များစွာကို ဆုပ်ကိုင်ထားပြီး ယနေ့ ကြုံရ သည့် ပြဿနာ များစွာကို ရင်ဆိုင် ကျော်လွှားခဲ့ကြသူတွေ ဖြစ်သည်။ မျှော်လင့်ချက်များစွာကို ထမ်း ပိုး၍ အမေ့အိမ်ကို ကျောခိုင်းခဲ့ပြီ ဆိုတည်းက မျှော်လင့်ချက်များ ပြည့်ဝသွား သည့် အချိန်ရောက်မှသာ အမေ့အိမ်ကို အရောက်ပြန်လိုသူတွေ ဖြစ်ကြသည်။မျှော်လင့်ခဲ့ရသည့် အရာတစ်ခု၏ အောင်မြင်မှု အသီးအပွင့်များကို ဂုဏ်ယူဝင့်ကြွား ၍ အမေနှင့်အတူ အောင်ပွဲခံလိုကြသူတွေ ဖြစ်သည်။ အမေနှင့်အတူ ပျော်ရွှင် လိုကြသူတွေ ဖြစ်သည်။
သို့ပေမယ့် မျှော်လင့်ချက်ဆို သည်မှာလည်း မျှော်လင့်သည့်အတိုင်း ဖြစ်လာခဲ့သည့် အရာများရှိသလို ၊ မျှော်လင့်သည့်အတိုင်း ဖြစ်မလာခဲ့သည့် အရာ များလည်းရှိသည်။ ဤသည်ကိုလည်း ကျွန်တော်တို့ ဖြတ်သန်းရင်ဆိုင်ရသည့် ဘ၀ခရီးဟု အမည်ပေးရမည် ထင်ပါ သည်။ မျှော်လင့်ချက်အတိုင်း ဖြစ်လာ ခဲ့သည့်အခါ ပျော်ရွှင်ကြည်နူးရသည်။ကျောခိုင်းခဲ့ရသည့် အမေ့အိမ်လေးတွင် ရှိနေသည့် အမေကိုယ်တိုင်လည်း ဂုဏ်ယူမဆုံးဖြစ်ရသည်။ မျှော်လင့်ချက်အတိုင်း ဖြစ်မလာသည့်အခါ ကြေကွဲဝမ်းနည်း ရသည်။ ထို့အတူ ကျောခိုင်းခဲ့ရသည့် အမေ့အိမ်လေးတွင်ရှိနေသည့် အမေ ကိုယ်တိုင်သည်လည်း ကြေကွဲ ၀မ်းနည်း ရသည်။ သို့ပေမယ့် အမေသည် မျှော်လင့် ချက်အတိုင်း ဖြစ်မလာခဲ့သည့် သား၊သမီး များကို အပြစ်မဆိုရက်ခဲ့။ အပြစ်မတင်ရက်ခဲ့။ နောက်ထပ် အကြိမ်ပေါင်းများစွာ ကို ဆက်လက်ကြိုးစားရန်အတွက် အပြုံး နှင့် နှစ်သိမ့်အားပေးနေမြဲဖြစ်သည်။ကျ ရှုံးသွားသည့်အတွက် စိတ်ဓာတ်ခွန်အား ဖြစ်စေရန် အားပေးသူသည် အမေသာ ဖြစ်သည်။ မျှော်လင့်ချက်အတိုင်း ဖြစ်မလာသည့် သား၊သမီးများကိုလည်း သူ ရှိရာ အရပ်သို့ ပြန်လာခဲ့ရန် ပြောဆိုလွမ်းဆွတ်နေသူမှာလည်း အမေသာ ဖြစ်သည်။ ထို့အတွက် မျှော်လင့်ချက်များ အောင်မြင်သည် ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ မျှော်လင့်ချက်များစွာကို ထမ်းပိုးပြီး အမေ့အိမ်လေးကို ကျောခိုင်းသွားကြသည့် သား၊သမီးများကို လွမ်း ဆွတ်တသရင်း မျှော်လင့်ချက်များ ပြည့်ဝ ပါစေကြောင်း ဆုတောင်းနေသူမှာလည်း အမေသာဖြစ်သည်။ အမေ့အိမ်ကို ကျောခိုင်းထွက်ခွာသွားကြသူများသည် မျှော်လင့်ချက်မျိုးစုံ၊ အိပ်မက်မျိုးစုံနှင့် မတူညီ ကွဲပြား သည့် အရပ်ဒေသများကို ချီတက် ခရီး ဆက်ခဲ့ကြသူများ ဖြစ်သည်။ တချို့က ပြည်ပနိုင်ငံတွေအထိ ခရီးဆက် ချီတက်လျှောက်လှမ်းနေကြ သူတွေ ဖြစ်သည်။ တချို့က ပြည်တွင်းမှာ ပင် လျှောက်လှမ်းရင်း ခရီးဆက်နေကြသူတွေဖြစ်သည်။ တချို့က အဆင်ပြေပြေ နှင့် အောင်မြင်စွာ လျှောက်လှမ်းနေကြသူတွေဖြစ်သည်။ တချို့က ပင်ပန်း ကြမ်း တမ်းစွာနှင့် ခက်ခက်ခဲခဲ လျှောက်လှမ်းနေကြရသူတွေ ဖြစ်သည်။ တချို့ က မျှော်လင့်ထားသည့် အတိုင်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ကြသည်။ တချို့က မျှော်လင့် ထားသည့်အတိုင်း အကောင်အထည်ဖော် နိုင်ရန်အတွက် ကြိုးစားပမ်းစား လျှောက်လှမ်းနေကြသည်။ တချို့က မျှော်လင့်ထားသည့်အတိုင်း အကောင်အထည်ဖော် ရင်းနှင့် လမ်းခုလတ်မှာပင် ခြေချော်လက်ချော် ဖြစ်သွားကြသည်။ တချို့က မျှော်လင့်ထားသည့်အတိုင်း အကောင်အထည်ဖော်ရင်းနှင့် လက်ပြနှုတ်ဆက် သွားကြ သည်။ အမေ့အိမ်လေးကို ကျောခိုင်း ခဲ့ကြရင်းနှင့် မျှော်လင့်ထားသည့် အတိုင်း အောင်မြင်ခဲ့၍ ပျော်ရွှင်ခြင်း များစွာနှင့် အမေ့အိမ်ကို အရောက်ပြန်နိုင်ခဲ့သူတွေ လည်းရှိသည်။ မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာသေး၍ အမေ့အိမ်ကို အရောက်ပြန်ရေးအတွက် ခက်ခဲနေသူတွေလည်း ရှိသည်။ မျှော်လင့်ထားသည့် အတိုင်း လည်း ဖြစ်မလာဘဲ အမေ့အိမ်ကိုလည်း အရောက်မပြန်နိုင်ကြသူတွေ ရှိသည်။ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့သည် ဖြစ်စေ၊ မျှော်လင့်ထား သည့်အတိုင်း ဖြစ်မလာခဲ့သည် ဖြစ်စေ အိမ်အိုလေးမှာ ရှိနေသည့် အမေသည် သူ မွေးထုတ်ထားခဲ့ရသည့် သားသမီးများ ၏ အိမ်ပြန်ချိန်ကို စောင့်မျှော်နေမြဲဖြစ်သည်။ မနက်ဖြန်များ အရောက်ပြန်လာ မည်လားဆိုသည့် မျှော်လင့်ချက်နှင့် အမေသည်လည်း ရှင်သန်နေခဲ့ရသူ တစ်ဦးဖြစ်သည်။ မျှော်လင့်ချက်များကို ထမ်းပိုး ၍ မိုင်ထောင်ချီ ခရီးကို ချီတက်သွားခဲ့ကြ သူ သားသမီးများ၏ အိမ်ပြန်ချိန်ကို မျှော်လင့်ချက်တစ်ခုသဖွယ် စောင့်စား၍ မျှော်လင့်နေသူမှာလည်း အမေဖြစ်သည်။
ကျွန်တော် ကိုယ်တိုင်သည်လည်း မျှော်လင့်ချက်များကို ထမ်းပိုး၍ အမေ့အိမ်ကို ကျောခိုင်းခဲ့သူတစ်ဦး ဖြစ်သည်။ အခု အချိန်အထိ ကျွန်တော်၏ မျှော်လင့်ချက်များသည်လည်း အကောင်အထည် မပေါ်သေး။ လက်တွေ့ဘ၀တွင်လည်း ဖြစ်လာရန် ခက်ခဲနေသည့် အနေ အထားမျိုးဖြစ်သည်။ ကျွန်တော်၏ အမေ သည်လည်း ဆယ်စုနှစ် နှစ်စုနီးပါး ကျော ခိုင်းထွက်ခွာ သွားခဲ့သည့် ကျွန်တော့်ကို ဘယ်အချိန်များ အိမ်ကို အရောက်ပြန်လာလေမလဲဆိုသည့် မျှော်လင့်ချက်တစ်ခုနှင့် စောင့်စားနေသူ တစ်ဦးဖြစ်သည်။ ကျွန်တော် ကျောခိုင်းထွက်ခွာခဲ့ရသည့် အမေ့အိမ်လေးကို အရောက်ပြန်ရန်အ တွက်သည်လည်း လက်ရှိအနေအထား အရ မလွယ်ကူသေးသည့် အခြေအနေ မျိုးဖြစ်သည်။ ထို့အတွက် မျှော်လင့်နေသည့် အမေ့ကိုလည်း တိတိကျကျ အာမခံချက်မပေးနိုင်သေး။ ကျွန်တော်သည်လည်း မျှော်လင့်ချက်အတွက် ရုန်းကန်နေရဆဲ ဖြစ်သလို အမေ ကိုယ်တိုင်သည်လည်း ကျွန်တော် ပြန်လာမည့် အချိန်ကို မျှော်လင့်နေဆဲ ဖြစ်သည်။
ထို့အတွက် ကျွန်တော့်လို မျှော်လင့်ချက် မပြည့်ဝသေးသူများလည်း အများကြီးရှိနေဦးမည် ဖြစ်သည်။ ထို့အတူ ကျွန်တော့်အမေလို အိမ်ပြန်ချိန်ကို စောင့် စားရင်း သား ပြန်လာချိန်ကို မျှော်လင့် နေမည့် အမေများစွာလည်း ရှိနေဦးမည် ဖြစ်သည်။ ကျွန်တော်တို့ မမွေးဖွာခင်တည်း က မျှော်လင့်ချက်များစွာကို ထမ်းပိုးပြီး အမေ့အိမ်လေးကို ကျောခိုင်းသွားခဲ့ကြသူတွေ ရှိခဲ့ကြသည်။ ကျွန်တော်တို့ ခေတ်ကာလတွင်လည်း မျှော်လင့်ချက်များစွာ ကို ထမ်းပိုးပြီး အမေ့အိမ်လေးကို ကျောခိုင်းသွားခဲ့ကြသူတွေ ရှိနေကြဆဲ ဖြစ်သည်။ ကျွန်တော့်တို့ ခေတ်ကာလ နောက်ပိုင်း အချိန်တွင်လည်း မျှော်လင့်ချက်များစွာကို ထမ်းပိုးပြီး အမေ့အိမ်လေးကို ကျောခိုင်းသွားကြသူများ ရှိနေကြဦးမည် ဖြစ်သည်။ လက်ရှိ အခြေအနေတွင် ကျွန်တော်၏ အဖြစ်ချင်ဆုံး မျှော်လင့်ချက်တစ်ခုကိုပြောပြပါ ဆိုခဲ့လျှင် ၊ မျှော်လင့် ချက်များစွာကို ထမ်းပိုးပြီး အမေ့အိမ်ကို ကျောခိုင်းခဲ့ကြသည့် ကျွန်တော် အပါ အ၀င် မျှော်လင့်ချက်များစွာဖြင့် ရုန်းကန်လှုပ်ရှားနေကြသည့် ထောင်ပေါင်းများစွာသောသူများ အားလုံးကို သူတို့ ၏မျှော်လင့်ချက်များ ပြည့်မြောက်အောင်မြင်၍ ကျောခိုင်းစွန့်ခွာခဲ့သည့် အမေ့အိမ်လေး ကို အပြုံးများစွာ၊ပျော်ရွှင်ခြင်းများစွာ ဖြင့် အရောက် ပြန်စေလိုခြင်းသာ ဖြစ်ပါ သည်။
ဘဇော် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com