ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
တရုတ်က ကြက်သွန်ဖြူစိုက်တဲ့ တောင်သူတစ်ယောက်ဟာ လေယာဉ်ပျံဝယ်စီးဖို့ မဖြစ်နိုင်တာကို သိတဲ့အခါ လေယာဉ်ပျံကို ကိုယ်တိုင်တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
တောင်သူကျုရွယ် တည်ဆောက်နေတဲ့ အဲဘတ်စ်-A320 လေယာဉ်ပုံစံတူဟာ အခုပြီးခါနီးပြီဖြစ်ပြီး တရုတ်အရှေ့မြောက်ပိုင်းက ဂျုံခင်းတွေဝန်းရံနေတဲ့ လေယာဉ်ပြေးလမ်း အတိုလေးတစ်ခုပေါ်မှာ ထာဝရတည်ရှိမှာ ဖြစ်ပါတယ်။ ကျူဟာ အလယ်တန်းပြီးဆုံးအောင် မသင်ခဲ့ရပါဘူး။ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေ စိုက်ပျိုးပြီးနောက် ကိုင်ယွမ်မြို့မှာရှိတဲ့ စက်ရုံတစ်ရုံမှာ ဂဟေဆော်တဲ့ အလုပ်ကို ပြောင်းရွှေ့လုပ်ကိုင်ခဲ့ပါတယ်။
မနှစ်ကတော့ သူ့တစ်သက်လေယာဉ်ပျံဝယ်မစီးနိုင်လောက်ဘူးလို့ ရိပ်စားမိခဲ့ပါတယ်။ ‘ ကျွန်တော်က သက်လတ်ပိုင်းကို ရောက်လာပြီ၊ လေယာဉ်ဝယ်စီးနိုင်မှာ မဟုတ်တော့ဘူး၊ ဒါပေမဲ့ ကျွန်တော် ကိုယ့်ဘာသာလေယာဉ်လုပ်လို့ ရတယ် ‘ လို့ သူက အေအက်ဖ်ပီကို ပြောပါတယ်။ သူဟာ သူစုထားသမျှ ယွမ် (၂.၆)သန်း ဒေါ်လာ(၃၇၄,၀၀၀)ကို ပရောဂျက်ထဲထည့်ပြီး အဲဘတ်စ် (၃၂၀)ရဲ့ မူလအရွယ်ထက် ရှစ်ပုံတစ်ပုံသေးတဲ့ လေယာဉ်တစ်စီးကို စတင်ပြုလုပ်ခဲ့ပါတယ်။
သူက အတိုင်းအတာတွေပြုလုပ်၊ အွန်လိုင်းဓာတ်ပုံတွေလေ့လာပြီး အမှားတွေတောင် တောင်လိုပုံအောင် လုပ်ခဲ့ပြီးနောက် လေယာဉ်ကိုထည်၊ တောင်ပံ၊ လေယာဉ်ထိန်းချုပ်ခန်း၊ အင်ဂျင်နဲ့အမြီးတွေကို ပြုလုပ်ခဲ့ပါတယ်။ သူဟာ စတီးတန် (၆၀) သုံးခဲ့ပါတယ်။ လေယာဉ်တည်ဆောက်ရေးကို စိတ်အားထက်သန်တဲ့ အလုပ်သမား (၅)ဦးက ပရောဂျက်မြန်ဆန်ရေးအတွက် အကူအညီပေးကြပါတယ်။
‘ တစ်ဖက်ကကြည့်ရင် သူတို့ပိုက်ဆံရတယ်၊ နောက်တစ်ဖက်ကလဲ သူတို့ အိမ်မက်တွေကိုပြည့်ဝအောင် လုပ်ရာကျတယ် ‘ လို့ ကျုက ပြောပါတယ်။ လက်ဖြစ်အဲဘတ်စ်ဟာ မကြာခင်ပျံသန်းဖြစ်ဦးမှာ မဟုတ်ပါဘူး။ ကျုဟာ အဲသည်လေယာဉ်ကို စားသောက်ဆိုင်လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ လေယာဉ်ထဲမှာ နောက်ဆုံးထည့်သွင်းလိုက်တာက လေယာဉ်ပစ္စည်းပုံစံငယ်တွေပါဝင်တဲ့ လေယာဉ်ထိုင်ခုံတွေနဲ့ လေယာဉ်ပေါ်တက်ဖို့ လှေကားဖြစ်ပါတယ်။
‘ ကျွန်တော်တို့က ကော်ဇောနီခင်းပေးထားမှာ၊ ဒါမှ လာစားတဲ့သူတွေ စိတ်ထဲမှာ ခံစားရလိမ့်မယ် ‘ လို့ ကျုက ပြောပါတယ်။ သူ့အနေနဲ့ ဟမ်ဘာဂါတွေ၊ အာလူးချောင်းကြော်တွေ ရောင်းရကောင်းနိုး၊ ဒေသခံတွေကြိုက်တဲ့ တရုတ်အစားအစာတွေ ရောင်းရကောင်းနိုး ဝေခွဲမရသေးဘူးလို့ ကျုက ဆိုပါတယ်။
Credit: The Kumudra