အပ်ငွေနဲ့ချေငွေအပေါ် ဘဏ်တိုးနှုန်းပြောင်းလဲဖို့ လွှတ်တော်တွင် ဆွေးနွေးတဲ့အတိုးနှုန်းပမာဏဟာ ဘဏ်တွေအတွက်ရော ၊ စီးပွားရေးလုပ်ငန်းရှင်တွေအတွက်ပါ အဆင်ပြေနိုင်တဲ့နှုန်းထားဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။
ဒဂုံမဲဆန္ဒနယ်က ဒေါ်သက်သက်ခိုင်က ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဘဏ်အတိုးနှုန်းတွေနဲ့ ပတ်သက်ပြီး လက်ရှိဘဏ်တွေအနေနဲ့ အပ်ငွေအပေါ် အတိုးနှုန်း ရှစ်ရာခိုင်နှုန်း ထားရှိရာကနေ ခုနှစ်ရာခိုင်နှုန်းအထိ လျှော့ချဖို့နဲ့ ချေးငွေအပေါ်မှာ လက်ရှိထားရှိတဲ့ အတိုးနှုန်း ၁၃ ရာခိုင်နှုန်းကိုလည်း ၁၁ ရာခိုင်နှုန်းအထိ လျှော့ချဖို့ တင်ပြခဲ့တာဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက ‘ ဒီနှုန်းထားက ဘဏ်တွေအနေနဲ့လဲ ထိခိုင်မှုမရှိနိုင်ပါဘူး ။သူတို့အနေနဲ့ကလဲ အပ်ငွေအတိုးနှုန်းအပေါ် လျှော့ချမှာ ဖြစ်တဲ့အတွက် ချေးငွေရဲ့ အတိုးနှုန်းကို လျှော့ချတာဆိုတော့ ကြားမှာရှိတဲ့ ကွာဟချက်ကိုပဲ အကျိုးအမြတ်ရယူတာပေါ့နော် ၊ သူတို့အနေနဲ့ကတော့ ထိခိုက်မှုမရှိနိုင်ပါဘူး ‘ လို့ ပြောပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ကတော့ ချေးငွေအပေါ် အတိုးနှုန်းလျှော့ချလေ စီးပွားရေးလုပ်ငန်းတွေအတွက် ပိုအဆင်ပြေလေဖြစ်တာကြောင့် အခုလိုလျှော့ချမယ်ဆိုရင်လည်း လုပ်ငန်းလည်ပတ်ဖို့ ပိုပြီး အဆင်ပြေမှာဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ အောင်သိန်းက ‘ လုပ်ငန်းရှင်အနေနဲ့က ပြောရရင် ချေးငွေ အတိုးနှုန်းသက်သာတာကို ကြိုဆိုပါတယ်၊ အပ်ငွေအပေါ် အတိုးနှုန်းလျှော့ချဖို့ကတော့ ဘဏ်လုပ်ငန်းရှင်တွေ ၊ ပညာရှင်တွေက ပိုပြီး သုံးသပ်နိုင်မှာပေါ့နော် ၊ ဒီနှုန်းထားလေးကလဲ အဆင်ပြေပါတယ် ‘လို့ ပြောပါတယ်။
Credit: The Modern