သြစတြေးလျနိုင်ငံ၏ အထင်ကရမြို့ကြီးဖြစ်သော ဆစ်ဒနီမြို့နှင့် ၎င်းမြို့တည်ရှိရာ နယူးဆောက်သ်ဝေးလ်ပြည်နယ်တွင် အိမ်ခြံမြေလုပ်ငန်းကဏ္ဌသည်
ယခုအခါတခြားကဏ္ဌများထက် အလုပ်အကိုင်များ ပိုမိုဖန်တီးပေးလာနိုင်ပြီ ဖြစ်ကြောင်း AEC Group က ယနေ့ (ဇန်န၀ါရီ ၂၉) တွင် ဆန်းစစ်လေ့လာချက် အစီအရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။
အိမ်ခြံမြေလုပ်ငန်းကဏ္ဌသည် အလုပ်အကိုင်နေရာပေါင်း ၃သိန်း၉သောင်းကျော်ကို ဖန်တီးပေးခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့်
လူမှုဖူလုံရေးကဏ္ဌတို့ထက် သာလွန်၍ ပြည်နယ်၏ အလုပ်အကိုင်ဖန်တီးမှုတွင် အကြီးဆုံးပံ့ပိုးပေးသော ကဏ္ဌတစ်ခု ဖြစ်လာပြီဖြစ်သည်။
အိမ်ခြံမြေကဏ္ဌ၏ အလုပ်ခန့်အပ်မှုသည် ၂၀၁၃ - ၂၀၁၄ ဘဏ္ဌာနှစ်ကထက် ၂၀၁၅ -၂၀၁၆ ဘဏ္ဌာနှစ်တွင် ၂၅ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။
အိမ်ခြံမြေကဏ္ဌသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် နယူးဆောသ်ဝေးလ်ပြည်နယ် အစိုးရအခွန်ဘဏ္ဍာ၏ ၅၄ ဒသမ ၁ ရာခိုင်နှုန်းဖြစ်သော ဒေါ်လာ ၂၀ ဒသမ ၉
ဘီလျံခန့် ပါဝင်ခဲ့သည်။
အိမ်ခြံမြေလုပ်ငန်းကဏ္ဌသည် အလုပ်အကိုင်ဖန်တီးပေးမှုတွင် မည်သို့မည်ပုံ အရေးပါကြောင်း ယခုသုတေသနက မီးမောင်းထိုးပြနေသည်ဟု
အိမ်ခြံမြေကောင်စီနယူးဆောက်သ်ဝေးလ်တာဝန်ခံဒါရိုက်တာ ဂျိန်းဖစ်ဇ်ဂျရတ်ဒ်က ပြောကြားခဲ့သည်။
နယူးဆောက်သ်ဝေးလ်အိမ်ခြံမြေလုပ်ငန်းကဏ္ဌသည် လူတို့ တတ်နိုင်သော အိမ်များ ငှားရမ်း၊ ၀ယ်ယူနိုင်ရန်နှင့် ကောင်းမွန်သော အခြေခံအဆောက်အအုံ၊
အလုပ်အကိုင်နှင့် ၀န်ဆောင်မှုများ ပိုမိုအဆင်ပြေသော မြို့ပြများကို ဖန်တီးနိုင်စေရန် ကူညီပေးရေးအတွက် အဓိကထားလုပ်ဆောင်နေသည်။
သြစတြေးလျအိမ်ခြံမြေကုမ္ပဏီများသည် ကမ္ဘာ့ထိပ်တန်းအိမ်ခြံမြေကုမ္ပဏီများ အဖြစ် ရပ်တည်လာခဲ့ပြီး ဆက်လက်ရပ်တည်နေလျက်ရှိကာ စွမ်းဆောင်ရည်
ပိုမိုမြှင့်တင်ရန် ကြိုးစားလျက်ရှိသည်ဟုလည်း ဂျရတ်ဒ်က ပြောကြားခဲ့ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com