မန္တလေးအိမ်ခြံမြေဈေးကွက် မြို့တွင်းအချက်အချာနေရာတွေက တန်ဖိုးမြင့် မြေကွက်တွေ သည်လပိုင်းအတွင်း ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်း ခန့်အထိ ဈေးကျဆင်းပါတယ်။
မန္တလေးအိမ်ခြံမြေဈေးကွက်ရဲ့ မြို့တွင်း အချက်အချာနေရာတွေမှာ အရောင်းအဝယ် ရပ်တန့်လုနီးပါးအေးစက်ကျဆင်းနေပြီး အမြန်ရောင်းလိုသူအချို့က ငွေဖော်ဈေးရောင်းချနေလို့ အချိန်တိုအတွင်း ယခုလို ဈေးကျလာတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်အချို့က ဆိုပါတယ်။
အထူးသဖြင့် မြို့တွင်းအချက်အချာနေရာတွေဖြစ်တဲ့ အောင်မြေသာစံ ၊ ချမ်းအေးသာစံနဲ့ မဟာအောင်မြေမြို့နယ်ထဲက မြေနေရာတွေမှာ ဈေးနှုန်းကျဆင်းတာဖြစ်တယ်။
အိမ်ခြံမြေအကျိုးဆောင် ဦးမျိုးအောင်က ‘ မြေဈေးကွက်က ဂဏန်းကြီး (ကျပ်သိန်း ၅၀၀၀ အထက် ) ရင်ကို အရောင်းထိုင်းတယ်၊ ရောင်းချတဲ့သူကတော့ ပုံမှန်အတိုင်းရှိတယ် ၊ ဝယ်မယ့်သူနည်းသွားတဲ့ ပုံစံပဲ ၊ အဲဒီအတွက် ဈေးကွက်သဘောအရ ရောင်းချင်တဲ့သူကများနေတော့ ဈေးကျသွားတာ ’ လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သုံးလခန့်က ဝယ်လက်က ကျပ်သိန်း ၆၀၀၀ ပေးဈေးရှိတဲ့ ချမ်းအေးသာစံမြို့နယ်က ၃၆ ပေ x ပေ ၆၀ အကျယ်အဝန်းရှိ မြေနေရာဟာသည်လထဲမှာကျပ် သိန်း ၅၅၀၀ ကျော်နဲက အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မန္တလေးမြို့ ခံနာမည်ကြီးအိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီ ပိုင်ရှင်တစ်ဦးကလည်း ‘ တော်တော်များများက တရုတ်တွေက ဝယ်ထားတော့ရှိတာပေါ့ ရောင်းနေကြတာဆိုရင် တရုတ်ထက်မြန်မာက ပိုများတယ်၊ အမြင့်ဆုံးဈေးကတော့ သိန်းသောင်းကြီးပိုင်း အနိမ့်ဆုံးဈေးက လမ်းမပေါ် တစ်သောင်းအောက် ၊ ကြားလမ်း သိန်းသုံးလေးငါးထောင်ဒါမျိုးတွေ ’ လို့ ဆိုပါတယ်။
အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်ကျဆင်းရတဲ့ အကြောင်းအရင်းတွေ အနက်အိမ်ခြံမြေရာဖြတ်တန်ဖိုးစံနှုန်းသတ်မှတ်ချက်နဲ့ အခွန်နှုန်းများပြားတာက လည်းအဓိက အစိတ်အပိုင်းဖြစ်တယ်။aကျပ်သိန်းငါးထောင် အထက် တန်ဖိုးရှိ မြေဈေးကျဆင်းသလို မြို့သစ်ရပ်ကွက်တွေနဲ့ ဆင်ခြေဖုံးရပ်ကွက်တွေရှိ တန်ဖိုးအသင့်အတင့် (ကျပ်သိန်းသုံးထောင်အောက်တန် ) မြေကွက်အချို့ လည်း အရင်ကထက် ဈေးကျဆင်းစပြုတယ်။
အဲသည် မြေကွက်တွေရဲ့ တန်ဖိုးဟာ အရင်နှစ်ကနဲ့ နှိုင်းယှဉ်ရင် ဆယ်ရာခိုင်နှုန်းကျဆင်းပါတယ်။
လတ်တလော အိမ်ခြံမြေအရောင်းအဝယ် အခြေအနေဟာ အမှန်တကယ်နေထိုင်အသုံးချဖို့ဝယ်တဲ့ ဈေးကွက်ဖြစ်တယ် ၊ ပုံမှန်အရောင်းအဝယ်ဖြစ်တဲ့ အနေအထားနဲ့ဈေးနှုန်းတည်ငြိမ်တဲ့ အရောင်းအဝယ်ဈေးကွက်ကို ပြောင်းလဲဖို့ ဦးတည်နေတာဖြစ်လို့ ဝယ်သူဘက်က အားသာချက်တွေ ရှိတယ်လို့ ဆိုပါတယ်။
ဒါကြောင့်လည်း ရောင်းသူဝယ်သူနှစ်ဦးနှစ်ဖက် ညှိနှိုင်းရ အဆင်ပြေတဲ့ မြေကွက်အချို့ အရောင်းအဝယ်ဖြစ်ပါတယ်။
Credit: The Modern