တရုတ်ပြည် အနောက်တောင်ပိုင်း၊ ဖူကျန်းပြည်နယ်၊ လောင်ယန်းမြို့တွင် ဆောက်လုပ်ရေးအလုပ်သမား ၁၅၀၀ ခန့်ဖြင့် ဘူတာရုံသစ် တစ်ခုသို့ ဆက်သွယ်ပေးမည့် မီးရထားလမ်းကို ၉ နာရီအတွင်း အပြီးဆောက်လုပ်ခဲ့ကြကြောင်း အင်္ဂလန်အခြေစိုက် သတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
၎င်းတို့သည် အချက်ပြမီးများ၊ ယာဉ်ကြောစောင့်ကြည့်ရေးကိရိယာများလည်း တပ်ဆင်ခဲ့ကြသေးသည်ဟု ဆိုသည်။
အဆိုပါစီမံကိန်းတွင် ရထား ၇ စင်းနှင့် မြေတူးစက် ၂၃ ခု အသုံးပြုခဲ့သည်။
ယခုဖောက်လုပ်သော ရထားလမ်းကို နန်းလောင် ရထားလမ်းပိုင်းဟုခေါ်ပြီး ယခင်ရှိပြီးဖြစ်သည့် ဂန်လောင်ရထားလမ်း၊ ဂန်ရူလောင် ရထားလမ်း၊ ကျန်းလောင် ရထားလမ်းတို့နှင့် ဆက်သွယ်ပေးခဲ့ခြင်း ဖြစ်သည်။
လောင်ယန်မြို့တွင် အသစ်ဖွင့်လှစ်လိုက်သော နန်းလောင်ဘူတာရုံတွင် ရထားလမ်းဖောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ဇန်နဝါရီလ ၁၉ ရက်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ဇန်နဝါရီ ၂၀ တွင် ပြီးဆုံးခဲ့သည်ဟု ဆိုသည်။
စီမံကိန်း အလွန်လျင်မြန်စွာ ပြီးမြောက်သွားရခြင်းမှာ အလုပ်သမားများကို အဖွဲ့ ၇ ဖွဲ့ခွဲကာ မတူညီသည့် လုပ်ငန်းကဏ္ဍများ ခွဲခြားလုပ်ဆောင်စေခဲ့ခြင်းကြောင့်ဖြစ်သည်ဟု တရုတ်ပြည်၏ နာမည်ကျော်ရထားလမ်းဖောက်လုပ်ရေးကုမ္ပဏီ China Tiesiju Civil Engineering Group မှ လက်ထောက်မန်နေဂျာ ကျန်း တောက်ဆောင်က ပြောကြားသည်။
နန်းလောင် ရထားလမ်းမှာ စုစုပေါင်းအားဖြင့် ၂၄၆ ကီလိုမီတာ (၁၅၂ မိုင်) ရှည်လျားမည်ဖြစ်ပြီး ဆက်လက်ဖောက်လုပ်နေဆဲဖြစ်ကာ ၂၀၁၈ ခုနှစ်တွင် အပြီးသတ်နိုင်မည်ဟု မျှော်မှန်းထားသည်။
အဆိုပါရထားလမ်းသည် တရုတ်ပြည် အရှေ့တောင်ပိုင်းနှင့် တရုတ်ပြည်အလယ်ပိုးကို ဆက်သွယ်ပေးမည့် ပင်မသယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခု ဖြစ်လာမည် ဖြစ်သည်။
ယခုလမ်းပေါ်တွင် ရထားများသည် တစ်နာရီလျှင် ၂၀၀ ကီလိုမီတာ (၁၂၄ မိုင်) အမြန်နှုန်းဖြင့် ခုတ်မောင်းနိုင်သည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)