တရုတ်ပြည်မကြီး developer ဖြစ်သော Yuzhou Properties သည် ပြည်တွင်းပြိုင်ဘက်ကုမ္ပဏီ Coastal Greenland ထံမှ ဆောက်လုပ်ရေးစီမံကိန်း ၇ ခုကို ကန်ဒေါ်လာ သန်း ၆၀၀ နီးပါးဖြင့် ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အရောင်းအဝယ်ပြုလုပ်ခဲ့သည့် စီမံကိန်းများမှာ မြို့ကြီး ၅ မြို့တွင် ဖြန့်ကျက်တည်ရှိပြီး စုစုပေါင်းအကျယ်အဝန်းမှာ စတုရန်းမီတာ ၃ ဒသမ ၁၃ သန်းကျော်ရှိသည်။
Yuzhou Properties က ယင်းစီမံကိန်း ၇ ခုကို ယွမ်ငွေ ၃ ဒသမ ၈ ဘီလီယံ ( ကန်ဒေါ်လာ ၅၉၁ သန်း) ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး ပြည်တွင်းပြိုင်ဖက် Coastal Greenland ၏ အထင်ရှားဆုံးဆောက်လုပ်ရေးစီမံကိန်းများလည်း ဖြစ်သည်။
တရုတ်ပြည်တွင် အစိုးရ၏ အိမ်ခြံမြေမူဝါဒများကြောင့် ကုမ္ပဏီများစွာမှာ ပူးပေါင်းခြင်းများ ပြုလုပ်လာလျက်ရှိပြီး ယခုဝယ်ယူလိုက်မှုမှာ အလတ်စားကုမ္ပဏီတစ်ခုဖြစ်သော Yuzhou အတွက် လုပ်ငန်းချဲ့ထွင်နိုင်မည့် ခြေလှမ်းတစ်ရပ်လည်း ဖြစ်လာသည်။
ပြီးခဲ့သော နှစ်အတွင်း တရုတ်ပြည်မကြီးရှိ အင်အားကြီး developer ကြီးများသည် ပြိုင်ဖက်ကုမ္ပဏီငယ်များကို ဝယ်ယူခဲ့မှုများ စံချိန်တင်ပေါ်ပေါက်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ပထမနှစ်ဝက်တာကာလအတွင်း ယင်းသို့သော အရောင်းအဝယ်များမှာ စုစုပေါင်းတန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄၄ ဒသမ ၆ ဘီလီယံဖိုးခန့်အထိ ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၇၈ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်ဟု ဆိုသည်။
Yuzhou သည် တရုတ်ပြည်တောင်ပိုင်းတွင်သာ လုပ်ငန်းများ လုပ်ကိုင်လေ့ရှိခဲ့ပြီး ယခုအခါတွင်မူ ပေကျင်း၊ ဖိုရှန်နှင့် အရှေ့မြောက်ပိုင်းမြို့တော် ရှန်းယန်တို့တွင် ပထမဆုံးစတင်ခြေချနိုင်တော့မည် ဖြစ်သည်။
Yuzhou သည် လာမည့် ၂၀၂၀ ပြည့်နှစ်တွင် အရောင်းပမာဏ ယွမ်ငွေ ၁၀၀ ဘီလီယံအထိ ရှိလာရန် ရည်မှန်းထားရာ ယခုဝယ်ယူမှုက ကုမ္ပဏီ၏ ရည်မှန်းချက်ကို များစွာအထောက်အပံ့ဖြစ်စေမည်ဖြစ်ပြီး အနာဂတ်တွင် အမြတ်အစွန်းများစွာတိုးတက်လာတော့မည်လည်း ဖြစ်သည်။
Yuzhou သည် ၂၀၁၇ ခုနှစ် ပထမနှစ်ဝက်တာကာလအတွင်း ယွမ်ငွေ ၂၁ ဘီလီယံ ( ကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ) ဖိုးခန့် ရောင်းချခဲ့ရသည်ဟု ဆိုသည်။
Coastal Greenland ထံမှ ဝယ်ယူမှု ၇ ခုတွင် ပေကျင်း၊ တျန်ကျင်းနှင့် ရှန်းယန်တို့ရှိ မြေကွက် အရောင်းအဝယ်များ၊ ဝူဟန်၊ ရှန်းယန်နှင့် ဖိုရှန်တို့ရှိ ဆောက်လုပ်ရေးစီမံကိန်း ၄ ခုတို့ ဖြစ်သည်။
ပေကျင်းတွင် China World Trade Center နှင့် ကပ်လျက်မြေကွက်တွင် တန်ဖိုးကြီးအဆင့်မြင့်ရုံးခန်းများ ဆောက်လုပ်သွားရန် စီစဉ်ထားပြီး စတုရန်းမီတာ ၃၉၂၀၀ ကြမ်းခင်းအကျယ်အဝန်း ဆောက်လုပ်ရန် အတည်ပြုချက်ရရှိခဲ့ပြီး ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)