ရန်ကုန်တိုင်းအတွင်းရှိ သမဝါယမ အသင်းပိုင်အဖြစ် နိုင်ငံတော်က မြေငှားဂရန်၊ ယာယီမြေငှားဂရန်နှင့် မြေချပါမစ်များ အသီးသီးထုတ်ပေးထားသော မြေကွက်နှင့်အဆောက်အအုံများကို ပြည်ထောင်စုအဆင့်မှ ပြန်လည်စိစစ်ရန် အကြံပြုမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
“သ/မ ဥပဒေမှာ ခေတ်စနစ်နဲ့မညီလို့ ပြင်ဆင်သင့်တဲ့အပိုင်းတွေ ရှိတယ်။ နိုင်ငံတော်က ပုံစံမျိုးစုံနဲ့ သမဝါယမအသင်းတွေကို မြေငှားဂရန်တွေ ထုတ်ပေးခဲ့တယ်။ အခုဆို အသုံးမပြုတဲ့ အဆောက်အအုံနဲ့ မြေကွက်တွေရှိတယ်။ ဒါတွေကို ပြန်စိစစ်ပြီးတော့ တခြားနေရာတွေမှာ အစားထိုးသုံးလို့ရတာပေါ့”ဟု တိုင်းအစိုးရအဖွဲ့မှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ရန်ကုန်တိုင်း ၄၄ မြို့နယ်ရှိ သမဝါယမအသင်း ၂၈၂၂ သင်းတွင် မြေကွက် စုစုပေါင်း ၇၁၄ ကွက်ပိုင်ဆိုင်သည့်အနက် ဂရန်အမည်ပေါက်သည့် မြေကွက် ၁၄၆ ကွက်၊ ယာယီမြေငှားဂရန်အနေနှင့် မြေကွက် ၆၅ ကွက်၊ မြေချပါမစ်အနေနှင့် မြေကွက် ၇၇ ကွက်အပြင် ဂရန်မရှိသေးသည့် မြေကွက် ၄၂၆ ကွက် ပါဝင်နေကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
“မြေကွက်နဲ့ အဆောက်အအုံတွေက သမဝါယမအသင်းအနေနဲ့ အကုန် အမည်ပေါက် ပိုင်တာလား။ နိုင်ငံတော်က ဟိုးအရင် သမဝါယမလုပ်ငန်းတွေ လုပ်စဉ်က ခွင့်ပြုပေးထားတဲ့ နိုင်ငံတော်ပိုင်အခန်းတွေ ဖြစ်၊ မဖြစ်ပေါ့။ ဒါပဲ အဓိက မေးခဲ့တာပါ”ဟု ကျောက်တံတားမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ဆိုသည်။
ထို့အပြင် သမဝါယမ အဆောက်အအုံများအဖြစ် အခြေစိုက်ဖွင့်ထားသော အဆောက်အအုံ ၁၅၈၈ ခုတွင် သမဝါယမအသင်းပိုင် အဆောက်အအုံအနေနှင့် ၁၃၈၁ ခုသာရှိပြီး အခြားမှပိုင်ဆိုင်သော အဆောက်အအုံ ၁၅၇ ခုအပြင် မြေငှားမှပိုင်ဆိုင်ထားသည့် အဆောက်အအုံ ၅၀ တို့ကို အသီးသီး စာရင်းကောက်ခံ ရရှိထားကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။
လက်ရှိတွင် အဆိုပါမြေကွက်နှင့် အဆောက်အအုံများကို သမဝါယမအသင်းများက စီမံခန့်ခွဲလျက်ရှိကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ဖြေကြားထားသည်။
သမဝါယအသင်း၊ အသင်းစုများကို သမဝါယမ ဦးစီးဌာနအနေနှင့် ဥပဒေ၊ နည်းဥပဒေနှင့်အညီ ထိန်းကျောင်းတည့်မတ်၍ အသင်းဖွဲ့စည်းပေးခြင်း၊ ပညာပေးခြင်းတို့သာ ဆောင်ရွက်ပေးလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ပြောကြားသည်။
“သမဝါယမအသင်းပိုင်နဲ့ ဦးစီးဌာနပိုင်ဆိုပြီးတော့ နှစ်မျိုးရှိတယ်၊ ၁၉၉၂ ဥပဒေအရ သမဝါယအသင်းအဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်က အသင်းရဲ့ မန်နေဂျင်းဒါရိုက်တာနဲ့ အသင်းသူ/အသင်းသား အားလုံး သဘောတူဆုံးဖြတ်ချက်နဲ့ သက်ဆိုင်တယ်။ တိုးတက်ရာ တိုးတက်ကြောင်းဆိုလည်း အသင်းသားတွေဆန္ဒနဲ့ဘဲ လွတ်လွတ်လပ်လပ် လုပ်ကြပါတယ်”ဟု ၎င်းက ရှင်းပြသည်။
Credit: The Voice