ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂ဝ ခုနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ထိန်းသိမ်းကြီးကြပ်ရေးအပိုင်းကိုသာ ကျင့်သုံးဆောင်ရွက်သွားရန် ပြင်ဆင်နေကြောင်း ဒုတိယဝန်ကြီး ဦးကျော်လင်းက ဇန်နဝါရီလ ၂၄ ရက်နေ့က ပြောကြားလိုက်သည်။
အဆိုပါနေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ရခိုင်ပြည်နယ်ရှိ ကင်းချောင်းတံတားတည်ဆောက်ရေးစီမံကိန်းအတွက် သြစတြေးလျနိုင်ငံမှ ငွေချေးယူမည့်ကိစ္စအပေါ် ရှင်းလင်းရာတွင် အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများကို ကိုယ်တိုင်မဆောင် ရွက်တော့ဘဲ ၂၀၂ဝခုနှစ်၊ ဒီဇင်ဘာလအတွင်း ထိန်းသိမ်းကြီးကြပ်ရေးအပိုင်းအတွက် ဆောင်ရွက်နိုင်ရန် လိုအပ်သည့် အချက်များကို ရေးဆွဲနေကြောင်း ၄င်းက ဆိုသည်။
“ Regulatory Bodyအတွက် လိုအပ်တဲ့ Rule and Regulationတွေ၊ Standatd Operation Procedure( SOP )တွေကို ရေးဆွဲလျက်ရှိပါတယ် ” ပြည်ထောင်စုဝန်ကြီးက ပြောသည်။ ထိန်းသိမ်းကြီးကြပ်ရေးအပိုင်းကို စတင်ကျင့်သုံးမည့် ၂၀၂၀၊ ဒီဇင်ဘာလနောက်ပိုင်းတွင် ဝန်ကြီးဌာနက တည်ဆောက်ရေးလုပ်ငန်းများကို ကိုယ်တိုင်မဆောင်ရွက်တော့ဘဲ Privatizationအဖြစ် ပြောင်းလဲပြီး ပုဂ္ဂလိ က အခန်းကဏ္ဍကသာ ဆောင်ရွက်သွားမည်ဖြစ်သည်။
“ အခုတည်ဆောက်ရေးပိုင်းနဲ့ ပတ်သက်ပြီး ပြင်ပဆောက်လုပ်ရေး ကုမ္ပဏီတွေကိုလည်း ရန်ကုန်မှာရှိတဲ့ သုဝဏ္ဏသင်တန်းကျောင်းနဲ့ နေပြည်တော်ရုံးချုပ်တွေမှာ နည်းပညာပိုင်းဆိုင်ရာ Transferတွေ လုပ်ပေးလျက်ရှိပါတယ် ” ဟု ဦးကျော်လင်းက ပြောသည်။
ယခုနောက်ပိုင်းတွင် အစိုးရက ပုဂ္ဂလိကကုမ္ပဏီများကို အလေးထားလာသော်လည်း တပ်မတော်အစိုးရ လက်ထက်ကတည်ထောင်ခဲ့သည့် ကုမ္ပဏီကြီးများကသာ လုပ်ကိုင်ခွင့်ရရှိမည်ကို စိုးရိမ်မိကြောင်း ရခိုင်ပြည်နယ်၊ မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဖေသန်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
“ ခရိုနီတွေတည်ထောင်တဲ့ ကုမ္ပဏီတွေကတော့ ရဖို့များပါတယ်၊ နောက်ပိုင်းမှာဖြစ်လာတဲ့ ကုမ္ပဏီတွေက တော့ အရင်းအနှီးမတတ်နိုင်ဘူးလေ၊ ဒါကြောင့် ဦးပိုင်( မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် )တို့လို့၊ တစ်ခြား အေးရှားဝေါလ်တို့လိုမျိုး ကုမ္ပဏီအကြီးကြီးတွေကပဲ ရဖို့များတယ်ဆိုတော့ လုပ်ငန်းရှင်တွေက ပိုပြီး ကြီးပွားလာမယ့်သဘောရှိတာပေါ့၊ အဲ့လိုလုပ်ငန်းတွေကို ပုဂ္ဂလိက ကုမ္ပဏီတွေကို လွှဲမယ်ဆိုရင်တော့ ငွေရေးကြေးရေးအားဖြင့်ရော၊ စက်ယန္တရားအားဖြင့်ရော လုပ်နိုင်တဲ့ ကုမ္ပဏီ အလွန်နည်းပါတယ်၊ ဒါကြောင့် ကြီးပွားမယ်ဆိုရင်တော့ ကုမ္ပဏီကြီးတွေပဲ ကြီးပွားလိမ့်မယ်၊ ဆိုလိုတာကတော့ အနည်းစုက ပိုပြီးတော့ ချမ်းသာလာမှာပေါ့ဗျာ ” ဟု ၄င်းက ပြောသည်။
တည်ဆောက်ရေးလုပ်ငန်းများကို ကိုယ်တိုင်မဆောင်ရွက်တော့မည့် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ထိန်းသိမ်းကြီးကြပ်ရေးအပိုင်းကို ဆောင်ရွက်ရန်အတွက် အချိန်ကာလ သုံးနှစ်ခန့်ယူထားပြီး အရေးပေါ် ဆောင်ရွက်ရမည့် တည်ဆောက်ရေးလုပ်ငန်းများကို Standard Operation Procedure( SOP )တွင် ထည့် သွင်းရေးဆွဲလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
“ ၂၀၂၀ ဒီဇင်ဘာလ မတိုင်မီမှာ ဌာနကို Regulatory Bodyအဖြစ် ပြောင်းလဲသွားဖို့ တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်လျက်ရှိကြောင်း တင်ပြလိုပါတယ် ” ဟု ၄င်းက ပြောသည်။
Credit: Myanmar Times