ငွေချေးသူ၏ နောက်ခံသတင်းအချက်အလက် စုဆောင်းထားသည့် ဒေတာစင်တာ (ခရက်ဒစ်ဗျူရို) လုပ်ငန်းလိုင်စင်ကို ယခုနှစ်အတွင်း ချထားပေးရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် အကြီးတန်းအရာရှိတစ်ဦးက
ပြောကြားသည်။
အဆိုပါ ခရက်ဒစ်ဗျူရိုလုပ်ငန်းလုပ်ကိုင်ရန် မြန်မာနိုင်ငံဘဏ်များအသင်းနှင့် စင်ကာပူအခြေစိုက် ASIA Credit Bureau တို့ ပူးပေါင်း၍ ဗဟိုဘဏ်ထံ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် တင်ထားခဲ့ပြီး မကြာမီအချိန်အတွင်း လိုင်စင်ချထားပေးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“ ပြည်တွင်းမှာရှိတဲ့ လူတော်တော်များများက ဘဏ်ကနေချေးငွေရဖို့ အခက်အခဲတွေရှိတယ်။ ဘဏ်တွေဘက်ကလည်း လူတစ်ယောက်အကြောင်း မသိတဲ့အတွက် ချေးငွေပေးဖို့က အခက်အခဲရှိတယ်။ ဒါကြောင့် ငွေချေးသူရဲ့နောက်ကြောင်းကို သိနိုင်တဲ့ ဒေတာစင်တာလုပ်ဖို့ကို အမြန်စီစဉ်ရတာပါ”ဟု ၎င်းက ရှင်းပြသည်။
ခရက်ဒစ်ဗျူရို လုပ်ငန်းလိုင်စင်အတွက် ဗဟိုဘဏ်ထံသို့ ယခင်နှစ် မေလပိုင်းလောက်က လျှောက်လွှာတင်ထားခဲ့ပြီး လုပ်ငန်းစတင်လျှင် အဆင်သင့်ဖြစ်စေရေးအတွက် ဘဏ်များထံသို့ ငွေချေးသူ၏ အချက်အလက်များကို အသေးစိတ် စုဆောင်းထားနိုင်ရန် အကြောင်းကြားထားကြောင်း ခရက်ဒစ်ဗျူရို စီမံခန့်ခွဲမှုကော်မတီမှ အဖွဲ့ဝင် ဒေါ်မြတ်နိုးက ပြောကြားသည်။
အိမ်နီးချင်းနိုင်ငံအများစုတွင် ခရက်ဒစ်ဗျူရို တည်ဆောက်ထားသည့်အတွက် ချေးငွေရရှိမှုမှာ မြန်မာနိုင်ငံထက် အဆင့်ကောင်းကြောင်း၊ ပြည်တွင်းတွင်မူ လူအယောက် ၁၀၀ တွင် ၂၀ သာ ဘဏ်ဝန်ဆောင်မှု ရသည့်အတွက် ချေးငွေရရှိရန် လိုအပ်နေသေးကြောင်း Thitsa Works ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးညီငြိမ်းအေးက ပြောဆိုသည်။
“ ခရက်ဒစ်ဗျူရိုကို စတဲ့အခါ ဘဏ်တွေအပြင် အသေးစားချေးငွေတွေလည်း ပါလာမှာပါ။ ချေးငွေထုတ်ပေးတဲ့သူတွေအနေနဲ့ ငွေချေးသူရဲ့ အချက်အလက်ကို အမြဲတမ်းပြင်ဆင်ဖို့လိုတယ်။ ကင်ညာနိုင်ငံမှာဆို နှစ်ဒေါ်လာ ပြန်မဆပ်တာကို နာမည်ပျက်စာရင်း သွင်းထားတဲ့အတွက် ငွေချေးဖို့ အခက်အခဲဖြစ်တယ်။ ဒါကြောင့် သေချာလုပ်ဖို့လိုတယ်”ဟု ၎င်းက ဆိုသည်။
ငွေချေးသူ၏ သတင်းအချက်အလက်ရရှိနိုင်မှု ခက်ခဲသည့်အတွက် လက်ရှိပုဂ္ဂလိကဘဏ်များက ထုတ်ပေးနေသည့် အကြွေးဝယ်ကတ်ကို သုံးစွဲသူနည်းပါးနေသေးကြောင်း ဘဏ်များထံမှ သိရသည်။
Credit: The Voice