ဝင်ငွေနည်းပြည်သူများကို ၁၀ နှစ်အရစ်ကျဖြင့်ရောင်းချနေသည့် တန်ဖိုးနည်းအိမ်ရာများ ကိုလာမည့်ဧပြီလတွင် အရောင်းပြခန်း Show room ဖွင့်လှစ်ရောင်းချရန် စီစဉ်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါအရောင်းပြခန်းကို ဗိုလ်ချုပ်လမ်းပေါ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ရုံးချုပ်မြေညီထပ်တွင် ဧပြီလမှစတင်၍ ဖွင့်လှစ်ရောင်းချရန် စီစဉ်ထားကြောင်းသိရသည်။
အရောင်းပြခန်းတွင် ရောင်းချမည့် အခန်းများအား တန်ဖိုးပါဖော်ပြ ထားမည်ဖြစ်ကာ နှစ်သက်ရာအခန်းများကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
၎င်းအိမ်ရာများကိုဝယ်ယူရန် အိမ်ထောင်စု ဇယား၊ ပုံမှန်မိသားစုဝင်ငွေ ကျပ်သုံးသိန်းမှ ကျပ်ငါးသိန်းကြားရှိရန်နှင့် ဘဏ်တွင် စုဆောင်းငွေ အိမ်ခန်းတန်ဖိုး၏ နှစ်ဆယ်ရာခိုင်နှုန်းပြည့်မီပြီး အမှန်တကယ် နေထိုင်မည့်သူဖြစ်ပါက ၀ယ်ယူခွင့်ပေးမည်ဖြစ်သည်။
လက်ရှိကျင့်သုံးနေသော မဲနှိုက်ဝယ်ယူရသည့်ပုံစံမှ အရောင်းပြခန်းဖွင့်လှစ်ပြီးပါက မဲနှိုက်ရန်မလိုအပ်တော့ပဲ ပြသထားသည့် အခန်းများကို လွတ်လပ်စွာဝယ်ယူနိုင်မည်ဖြစ်သည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com