အီတလီနိုင်ငံတွင် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦးက မိဘများကို နေအိမ်ဝယ်ယူပေးလိုသောကြောင့် အပျိုစင်ဘဝကို ယူရို တစ်သန်း (မြန်မာငွေ ၁၆၅၆ သန်းကျော်) ဖြင့် လေလံတင်လာသည်။
လေလံတင်သည့် ဝက်ဘ်ဆိုက်တွင် နီကိုးဟု အမည်ပေးထားပြီး ဈေးအမြင့်ဆုံးပေးသူအား အပျိုစင်ဘဝ ပေးအပ်သွားမည်ဟု ပြောကြားထားပြီး မိဘများကို နေအိမ်တစ်လုံး ဝယ်ယူပေးလိုသောကြောင့် အပျိုစင်ဘဝကို ရောင်းချခြင်းဖြစ်သည်ဟု ဆိုသည်။
ကိန်းဘရစ်တက္ကသိုလ်သို့ တက်ရောက်ရန်လည်း ရည်ရွယ်ထားပြီး တက်ရောက်ခွင့်ရပါက ကျောင်းစရိတ်ရလိုခြင်းလည်း ပါဝင်သည်ဟု ဆိုသည်။
“ကျောင်းစရိတ်ရဖို့၊ ညီမလေးနဲ့ မိသားစုကို ထောက်ပံ့နိုင်ဖို့၊ ပြီးတော့ မိဘတွေကို အိမ်တစ်လုံးဝယ်ပေးနိုင်ဖို့တွေအတွက် ဖြစ်နိုင်သမျှ များများရဖို့ ကျွန်မမျှော်လင့်ထားပါတယ်” ဟု နီကိုးက ဆိုသည်။
“ဒီကိစ္စကို မိဘတွေ မသိစေချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က စည်းကမ်းအရမ်းတင်းကြပ်တယ်။ သူတို့သာသိရင်ခွင့်ပြုမှာ မဟုတ်ပါဘူး။ ကျွန်မရဲ့ သူငယ်ချင်းတွေလည်း လုံးဝမသိကြဘူး။ မိဘတွေသိသွားရင် ရင်ကွဲကြမှာ။ ဒါပေမယ့် တစ်နေ့ကျသူတို့ ဒီသတင်းကို တွေ့သွားရင် ကျွန်မက အသေအချာရှင်းပြရင် သူတို့ နားလည်လာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟုလည်း နီကိုးက ပြောကြားသည်။
နီကိုးက သူ၏ အပျိုစင်ဘဝကို ဥရောပအခြေစိုက် Elite Models VIP ဝက်ဘ်ဆိုက်တွင် လေလံတင်ခဲ့ခြင်းဖြစ်ပြီး ပေါင် ၈၉၀၀၀၀ (ယူရို တစ်သန်း) ဖြင့် လေလံအောင်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။
လေလံအောင်သူအနေဖြင့် ၎င်းခေါ်ယူလာသည့်ဆရာဝန်ဖြင့် နီကိုးကို အပျိုစစ်၊ မစစ် စစ်ဆေးခွင့်ရမည် ဖြစ်သည်။ယခင်က ဂီဆယ်လီအမည်ရှိ မိန်းကလေးတစ်ဦးကလည်း အပျိုစင်ဘဝကို လေလံတင်ခဲ့သည့်ဖြစ်ရပ်ပေါ်ပေါက်ပြီးနောက် နီကိုးက သူမ၏ အပျိုစင်ဘဝကို လေလံတင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
“တုန်လှုပ်ကြောက်ရွံ့တာခံစားရပေမယ့် ကိုယ့်အတွက် ငွေတွေအများကြီးပေးမယ့်သူတစ်ယောက်ဟာ ကြင်နာတတ်တဲ့သူတစ်ယောက် ဖြစ်မယ်ဆိုတာ သေချာတယ်လို့ ကျွန်မအခိုင်အမာယုံကြည်ထားပါတယ်။ ကျွန်မတို့နှစ်ဦး ကြည်နူးဖွယ်အချိန်တွေ အတူတကွ ရှိကြမယ်လို့ ကျွန်မအသေအချာပြောရဲပါတယ်” ဟုလည်း နီကိုးက ဆိုသည်။
အဆိုပါဝက်ဘ်ဆိုက်တွင် နီကိုးအပြင် အပျိုစင်ဘဝကို လေလံတင်ထားသူ ၅ ဦးရှိသော်လည်း ဝင်ရောက်ရှာဖွေခံရမှု အများဆုံးမှာ နီကိုးဖြစ်သည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)