ကမ္ဘာကျော် အက်ရှင်သရုပ်ဆောင် ဘရုစ်ဝီလီနှင့် ဇနီးဖြစ်သူ အင်မာတို့ ပိုင်ဆိုင်သော နယူးယောက်ကွန်ဒိုခန်း အရောင်းဈေးကွက်ဝင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
နယူးယောက်မြို့၊ Central Park West အရပ် ၊ အမှတ် ၂၇၁ တွင် တည်ရှိသော ကွန်ဒိုမီနီယံတွင် တည်ရှိသည်။
အကျယ်အဝန်းမှာ စတုရန်းပေ ၆၀၀၀ ခန့်ရှိပြီး အိပ်ခန်း ၆ ခန်းနှင့်၊ ရေချိုးခန်း ၄ ခန်း၊ စာကြည့်တိုက်တစ်ခုတို့ ပါဝင်သည်။
နှစ်ဦးသား အတူတကွနေထိုင်သည့်အချိန် ပိုမိုရရှိလိုသောကြောင့် ယခုအခန်းကို ပြန်လည်ရောင်းချခြင်းဖြစ်သည်ဟု ဆိုသည်။
ဘရုစ်ဝီလီတို့ဇနီးမောင်နှံက ယခုအခန်းကို ၂၀၁၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၇ သန်းနီးပါးဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယခုခေါ်ဈေးမှာ ၁၇ ဒသမ ၇၅ သန်းဖြစ်ခြင်းကြောင့် ပြုပြင်မွမ်းမံစရိတ်များ ထည့်သွင်းတွက်ချက်ပါက အမြတ်အစွန်းမရဘဲ ပြန်လည်ရောင်းချခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။
ဘရုစ်ဝီလီတို့ ဇနီးမောင်နှံသည် နယူးယောက်ပြည်နယ်တွင်ပင် တည်ရှိသော ဘက်ဖို့ဒ်မြို့၊ ဘက်ဖို့ဒ်ဟေးလ်အရပ်ရှိ နေအိမ်တွင် အခြေချသွားရန် စီစဉ်ထားသည်။
“ဒီနေရာကို ရောင်းလိုက်ပေမယ့် ကျွန်တော်က အမြဲတမ်း Upper West Side သား ဖြစ်နေမှာပါ။ ၁၉၇၀ ပြည့်လွန်ကာလတွေကစပြီး ဒီနေရာမှာ အမြဲဝင်ထွက်နေထိုင်ခဲ့တာဖြစ်ပါတယ်” ဟု ဘရုစ်ဝီလီက ပြောကြားသည်။
ရောင်းချမည့်အခန်းတွင် ပြတင်းပေါက်များကို အလွန်ကြီးမားစွာ ဖောက်လုပ်ထားခြင်းကြောင့် နယူးယောက်၏အထင်ကရ Central Park ၏ သာယာလှပသောရှုခင်းများကို ကောင်းစွာခံစားနိုင်မည် ဖြစ်သည်။
မီးဖိုဆောင်နှင့် စားသောက်ခန်းတို့မှာ သဘာဝအလင်းကောင်းစွာရရှိပြီး Sub-Zero ရေခဲသေတ္တာ ၂ လုံး၊ Viking stove မီးဖိုတို့ ထည့်သွင်းပေးထားသည်။
မီးဖိုဆောင်အထွက်တွင် စာဖတ်ခန်းကို တွေ့ရမည် ဖြစ်သည်။
နေအိမ်ခန်းမှာ နှစ်ထပ်ဖြစ်ပြီး အပေါ်ထပ်တွင် Master Bedroom တည်ရှိပြီး အောက်ထပ်တွင် Master Bedroom တစ်ခန်း ထပ်မံပါဝင်ကာ စုစုပေါင်း အိပ်ခန်း ၅ ခန်းရှိသည်။ သိုလှောင်ခန်းနှင့် အဝတ်လျှော်ခန်းတို့လည်း ယခုအထပ်တွင် တည်ရှိသည်။
နေအိမ်ခန်းတည်ရှိရာ အဆောက်အအုံကို ၁၉၁၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။၁၄ ထပ်အဆောက်အအုံဖြစ်ပြီး စုစုပေါင်းအားဖြင့် အခန်းပေါင်း ၂၆ ခန်းပါဝင်သည်။
ဗိသုကာအဖွဲ့တစ်ခုဖြစ်သော Schwarz & Gross မှ ဒီဇိုင်းရေးဆွဲပေးခဲ့ပြီး အဆောက်အအုံတွင် ဓာတ်လှေကားတစ်ခုနှင့် မြေအောက်သိုလှောင်ခန်းတို့ ပါဝင်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)