ရန်ကုန်-ဒလစီမံကိန်းအတွက် လျော်ကြေးပေးချေပြီးသော ဗိုလ်မင်းရောင်လမ်းရှိ နေအိမ်အဆောက်အအုံနှင့် ဈေးဆိုင်ခန်းများ ၇၀ ရာခိုင်နှုန်းခန့် ပြောင်းရွှေ့ပြီးစီးပြီဖြစ်ကြောင်း ဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ပြောင်းရွှေ့ရမယ့် အိမ်နဲ့အဆောက်အအုံ စာရင်းအတိုင်း အသိပေးစာပို့ထားတယ်။ ဒီလကုန် နောက်ဆုံး သတ်မှတ်ထားတော့ အလုံးအရင်းနဲ့ကို ပြောင်းရွှေ့နေကြတယ်”ဟု ၎င်းက ဆိုသည်။
ဒလတံတား စီမံကိန်းလျာထားချက်အရ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် မလွတ်ကင်းသော နေအိမ်၊ အဆောက်အအုံနှင့် ဈေးဆိုင်အားလုံး အပြီးသတ်ပြောင်းရွှေ့ပြီးပါက တံတားလမ်းအူကြောင်း သတ်မှတ်ကာ ဖေဖော်ဝါရီလ ပထမအပတ်၌ ခြံစည်းရိုးစတင်ကာရံ၍ တည်ဆောက်ရေးလုပ်ငန်းများကို ဧပြီလ၌ စတင်ရန်စီစဉ်ထားပြီး ၃၉ လအတွင်း အပြီးသတ် ဆောက်လုပ်မည်ဖြစ်ကြောင်း တံတား စီမံကိန်း၊ စီမံခန့်ခွဲရေးကော်မတီထံမှ သိရသည်။
ထို့ကြောင့် အဓိကပြောင်းရွှေ့ရမည့် ဒလမြို့နယ် ဗိုလ်မင်းရောင်လမ်းရှိ မြေကွက် ၆၅ ကွက်နှင့် ဆိုင်ခန်းများ၊နေအိမ်များ ၁၀၀ ကျော် ပြောင်းရွှေ့ပြီဖြစ်သော်လည်း ကျန်ရှိသော အဆောက်အအုံများသည် ဆက်လက်ပြောင်းရွှေ့နေဆဲဖြစ်ကြောင်း ဗိုလ်မင်းရောင်လမ်းရှိ ဒေသခံအချို့ထံမှ စုံစမ်းသိရသည်။
“တချို့အိမ်နဲ့ ဆိုင်တွေက အခိုင်အမာ ဆောက်ထားတော့ အချိန်ပေးဖျက်ရတာရှိတယ်။ သာမန်ပဲဆောက်ထားတဲ့ အိမ်တွေကျတော့ ဖျက်တာမြန်တယ်။ တစ်အိမ်နဲ့တစ်အိမ် အလှည့်ကျ ဝိုင်းကူလုပ်ရင်း ပြောင်းရွှေ့နေကြတာပဲ။ ဒီလကုန်ဆိုတော့ မပြောင်းချင်လည်း ပြောင်းရမှာပဲလေ”ဟု စီမံကိန်းလျာထားချက်နှင့် မလွတ်၍ ပြောင်းရွှေ့ရသော အိမ်ပိုင်ရှင်တစ်ဦးက မှတ်ချက်ပြုသည်။
ရန်ကုန်-ဒလတံတား အရှည်သည် ၂၂၄၃ မီတာရှည်လျားပြီး ဒလဘက်ကမ်းရှိ ဗိုလ်မင်းရောင်လမ်းမှစတင်၍ ဘုန်းကြီးလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့်၌ တံတားဆုံးမည်ဖြစ်ပြီး သင်္ဘောကြီးများသွားလာရန် ရေလမ်းကင်းလွတ် အမြင့်ပေ ၁၆၀ နှင့် ရေလမ်းကင်းလွတ် အကျယ် ၈၂၃ ပေ တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း လမ်းတံတားဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်-ဒလတံတားကို အမေရိကန်ဒေါ်လာ ၁၃၈ သန်းခန့် အသုံးပြု၍ လုပ်ငန်းပြန်လည်စတင်ခြင်း ဖြစ်သည်။
Credit: The Voice