အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ဈေးဝယ်စင်တာနှင့် လူနေအိမ်ရာဆောက်လုပ်မည့်စီမံကိန်းကို ဒေသခံများက ကန့်ကွက်ဆန္ဒပြလျက်ရှိကြကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိရှိ ကာလ်ဗာအမည်ရှိ မြို့ကလေးတွင် တည်ဆောက်ရန် စီစဉ်လာခြင်း ဖြစ်သည်။
မြို့အမည်မှာ မြို့တည်ထောင်ခဲ့သူ ဟာရီ ကာလ်ဗာကို အစွဲပြုကာ မှည့်ခေါ်ထားခြင်း ဖြစ်၏။
၂၀၁၀ ပြည့်နှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၃၈၈၈၃ ဦး နေထိုင်သည်။
မြို့တည်ထောင်ပြီးနောက် ဧရိယာကို တဖြည်းဖြည်းချင်း ချဲ့ထွင်လာခဲ့ရာ ယခုအခါ စတုရန်း ၅ မိုင်ပတ်လည်ခန့် ကျယ်ဝန်းနေပြီ ဖြစ်သည်။
ကာလ်ဗာမြို့ရှိ လူနေရပ်ကွက်တစ်ခုတွင် ၆ ဧကကျယ်ဝန်းသည့် ဈေးဝယ်စင်တာကို လူနေအိမ်ရာနှင့် ပူးတွဲဆောက်လုပ်ရန် စီစဉ်ခြင်းဖြစ်ပြီး ဒေသခံတို့က ပတ်ဝန်းကျင်အပေါ် အခက်အခဲများ ကြုံတွေ့လာရမည်ကို ရတက်မအေးဖြစ်လျက်ရှိကြသည်။
အဆိုပါစီမံကိန်းကို အင်တာနက်တွင် ကန့်ကွက်သည့်လက်မှတ်စုဆောင်းမှုလည်း စတင်ပြုလုပ်လျက်ရှိ၏။
စီမံကိန်းတည်နေရာမှာ ဝက်စ်ဖီးလ်ဒ် ကာလ်ဗာစီးတီး ဈေးဝယ်စင်တာ (Westfield Culver City shopping mall) ၏ တောင်ဘက်တွင် ကပ်လျက်အကောင်အထည်ဖော်သွားမည် ဖြစ်သည်။
Westfield Culver City shopping mall ကို ၂၀၀၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။
စီမံကိန်းတွင် လူနေခန်းပေါင်း ၇၂၅ ခန်း၊ လူနေနှင့် ရုံးခန်းတွဲလျက် အခန်း ၅၀၊ ကူးသန်းရောင်းဝယ်ရေးအတွက် စတုရန်းပေ ၂၁၀၀၀ အကျယ်အဝန်းခန့် ပါဝင်မည့်အပြင် ကားအစင်းရေ ၈၀၀ ရပ်နားရန်နေရာလည်း ထည့်သွင်းဆောက်လုပ်သွားမည်ဟု ဆိုသည်။
စီမံကိန်းအကောင်အထည်ဖော်မည့် Developer ဖြစ်သော HSH Management Group က အစည်းအဝေးတစ်ရပ် ကျင်းပရန် စီစဉ်ထားပြီး စီမံကိန်းအပေါ် ရတက်မအေးဖြစ်နေကြသည့် ဒေသခံများ တက်ရောက်ရန် တိုက်တွန်းထားသည်။
စီမံကိန်းကို ဒီဇိုင်းရေးဆွဲပေးခဲ့သည်မှာ R&A Architecture + Design မှ ဖြစ်သည်။ယနေ့ ည ၆း ၃၀ အချိန်တွင် Sheraton Four Points ဟိုတယ်၌ အစည်းအဝေးကျင်းပသွားရန် စီစဉ်ထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)