တရုတ်ပြည် အနောက်မြောက်ပိုင်း၊ ရှန်ဇီပြည်နယ်တွင် ရှီအန်းအမည်ရှိ မြို့ကလေးတစ်မြို့ တည်ရှိသည်။
ကွမ်ကျောင်လွင်ပြင်၏ ဗဟိုတွင် တည်ရှိပြီး တရုတ်ပြည်၏ အထင်ကရရှေးဟောင်းမြို့တော် ၄ ခုတွင် ရှေးအကျဆုံး မြို့လည်း ဖြစ်ကာ ပိုးလမ်းမကြီး အစတည်ရာနေရာလည်း ဖြစ်၏။
ယင်းသို့ သမိုင်းဝင်မြို့ကလေးတွင် ကမ္ဘာ့အကြီးမားဆုံး လေသန့်စင်စက်ကြီးကို တည်ဆောက်ခဲ့ရာ တာဝါ၏ အမြင့်မှာ မီတာ ၁၀၀ ကျော် ( ၃၂၈ ပေ) ခန့် မြင့်မားသည်ဟု ဆိုသည်။
အဆိုပါ လေသန့်စက်က မြို့၏ အနီးဝန်းကျင်လေထုအခြေအနေကို တိုးတက်ကောင်းမွန်မှု ရလာစေရန် များစွာစွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း စီမံကိန်းကို ဦးဆောင်ခဲ့သည့် သိပ္ပံပညာရှင်တို့က ပြောကြားသည်။
တရုတ်ပြည်သည် မကြာသေးမီနှစ်များအတွင် ကမ္ဘာပေါ်တွင် လေထုအညစ်ညမ်းဆုံးဖြစ်လာခဲ့ရာ အစိုးရက ယင်းပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် နည်းလမ်းစုံဖြင့် ကြိုးပမ်းလာခဲ့သည်။
ယခုအခါတွင် အဆိုပါလေသန့်စက်ကို တရုတ်သိပ္ပံအကယ်ဒမီရှိ မြေကမ္ဘာသဘာဝပတ်ဝန်းကျင်သိပ္ပံမှ သုတေသနပညာရှင်တို့က လေ့လာစမ်းသပ်မှုများ ပြုလုပ်လျက်ရှိနေသည်။
သုတေသနအဖွဲ့အကြီးအကဲ ကောက်ကျန်းကျိက ပြောကြားရာတွင် လွန်ခဲ့သော လအနည်းငယ်အတွင်း မြို့တွင်း၌ အကျယ်အဝန်း စတုရန်း ၁၀ ကီလိုမီတာ ( ၃ ဒသမ ၈၆ စတုရန်းမိုင်) ခန့်မှာ လေအရည်အသွေး တိုးတက်မှုများရှိလာသည်ကို တွေ့ရကြောင်း ပြောကြားသည်။
လေသန့်စင်စက်မှ တစ်နေ့လျှင် လေထု ကုဗမီတာ ၁၀ သန်း ( ကုဗပေ ၃၅၃ သန်း) ကျော် သန့်စင်ပေးသွားနိုင် စီစဉ်ထားသည်ဟု ဆိုသည်။
လေထုညစ်ညမ်းမှု အဆိုးရွားဆုံးနေ့များတွင် လေသန့်စင်စက်သည် အလယ်အလတ်တန်းအဆင့် သန့်စင်မှုရစေရန်အထိ လုပ်ဆောင်ပေးနိုင်ခဲ့သည်ဟုလည်း ဆိုသည်။
တာဝါ၏ အောက်ခြေရှိ ဘောလုံးကွင်းထက်ဝက် အကျယ်အဝန်းခန့် ဖြန့်ကျက်တည်ရှိသော greenhouses များဖြင့် လည်ပတ် လုပ်ကိုင်ခြင်း ဖြစ်သည်။
ညစ်ညမ်းလျက်ရှိသော လေများကို greenhouses များအတွင်း စုပ်ယူလိုက်ကာ နေစွမ်းအင်ဖြင့် အပူပေး၏။
ယင်းနောက် အဆိုပါလေပူများကို တာဝါအတွင်းရှိ လေသန့်စင်သည့် filters ပေါင်း များစွာသို့ ဖြတ်သန်းစေကာ သန့်စင်ပေးခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)