ငွေကြေးအကျပ်အတည်းကြုံနေရသော တရုတ်ပြည် ဟိုင်နန်ကျွန်းအခြေစိုက် HNA Group လုပ်ငန်းစုံကုမ္ပဏီကြီးသည် ဟောင်ကောင် developer ဖြစ်သော Sun Hung Kai Properties ထံမှ ငွေချေးရန် ဆွေးနွေးလျက်ရှိကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဟောင်ကောင်ရှိ Kai Tak ဒေသတွင် အကောင်အထည်ဖော်လျက်ရှိသော လူနေစီမံကိန်းကြီးနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးဖြည့်တင်းနိုင်ရန် ရည်ရွယ်ကာ ချေးငွေရယူလိုလျက်ရှိခြင်း ဖြစ်သည်။
HNA သည် ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင်း ကန်ဒေါ်လာ ၄၀ ဘီလီယံဖိုးကျော် ဆက်တိုက်အိမ်ခြံမြေဝယ်ယူမှုများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်း ယခုကဲ့သို့ ဘဏ္ဍာရေးအကျပ်အတည်း ကြုံတွေ့ရလျက်ရှိခြင်းလည်း ဖြစ်သည်။
HNA က ယခုချေးငွေကို Sun Hung Kai Properties ထံမှ ချေးယူရာတွင် တစ်နှစ်လျှင် အတိုးနှုန်း ၉ ရာခိုင်နှုန်းဖြင့် ချေးယူလိုကြောင်း လည်း ညှိနှိုင်းလျက်ရှိသည်။
၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်တို့တွင် ဟောင်ကောင်ရှိ Kai Tak အရပ်၌ ဟောင်ကောင်ဒေါ်လာ ၂၇ ဒသမ ၂ ဘီလီယံ (ကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံ) အသုံးပြုကာ မြေနေရာ ၄ ခုဝယ်ယူထားခဲ့သည်။
ယခုချေးယူရရှိမည့်ငွေကို အဆိုပါမြေနေရာများတွင် ဆောက်လုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရန်နှင့် အကြွေးများ ပြန်လည်ပေးဆပ်ရန်အတွက် အသုံးပြုသွားမည်ဟု ဆိုသည်။
HNA သည် Kai Tak ဒေသရှိ ဆောက်လုပ်ရေးစီမံကိန်းအတွက် အခြား developer များနှင့် ပူးပေါင်းအကောင်အထည်ဖော်ရန် စီစဉ်ပြီးနောက်ပိုင်း ချေးငွေရရှိရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။
မကြာသေးမီ ရက်သတ္တပတ်များအတွင်းက တရုတ်ဘဏ်များသို့ ပေးသွင်းရန် ကြွေးမြီငွေကိုလည်း ပေးသွင်းနိုင်ခဲ့ခြင်းမရှိခဲ့ချေ။
ဟောင်ကောင်ငွေကြေးအာဏာပိုင်အဖွဲ့ (HKMA) က ထုတ်ပြန်ထားသော စည်းမျဉ်းသစ်အရ ဘဏ်များသည် ဆောက်လုပ်ရေးစီမံကိန်း တန်ဖိုး၏ ၄၀ ရာခိုင်နှုန်းအထိသာ ထုတ်ချေးခွင့်ပြုထားသည်။
HNA သည် လန်ဒန်ရှိ ရုံးခန်းအဆောက်အအုံ ၂ လုံးကိုလည်း ရောင်းထုတ်ရန် သုံးသပ်လျက်ရှိခြင်းမှာ ကုမ္ပဏီ၏ ဘဏ္ဍာရေးအကျပ်အတည်းကို မီးမောင်းထိုးပြလိုက်ခြင်းလည်း ဖြစ်သည်။
HNA သည် အဆိုပါအဆောက်အအုံ ၂ လုံးကို စုစုပေါင်း ပေါင် ၃၆၆ သန်း (ကန်ဒေါ်လာ ၅၀၃ သန်း) ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဝယ်ဈေးအောက် လျှော့ချရောင်းချသွားဖွယ်ရာ ရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)