အမေရိကန်ပြည်ထောင်စုတွင် ဆင်းရဲမွဲတေမှု အမြင့်မားဆုံးပြည်နယ်မှာ မည်သည့်ပြည်နယ်ဖြစ်ပါသနည်း။
မစ္စစ္စပီ၊ နယူးမက္ကဆီကို၊ အနောက်ဗာဂျီးနီးယား ပြည်နယ်များမဟုတ်ချေ။
ကယ်လီဖိုးနီးယားပြည်နယ်မှာ အဆင်းရဲဆုံးအဖြစ်ရပ်တည်နေပါသည်။ ကယ်လီဖိုးနီးယားတွင် အိမ်ထောင်စု ငါးခုလျှင်တစ်ခုမှ ဆင်းရဲမွဲတေသူ ဖြစ်နေလျက်ရှိသည်။
အမေရိကန်ပြည်ထောင်စုတွင် တစ်ဦးချင်းဝင်ငွေ ၂ ဆခန့်မြင့်တက်လျက်ရှိနေသည့်အချိန်ကာလမျိုးတွင် ကယ်လီဖိုးနီးယားမှာ အဘယ်ကြောင့် ကျန်ရစ်ခဲ့ပါသနည်းဟူ၍ မေးခွန်းထုတ်ဖွယ်ရာရှိပါသည်။
ပြည်နယ်များစွာတွင် လူမှုဖူလုံရေးထောက်ပံ့မှုများမှာ နယ်ပယ်နေရာချင်း ထပ်နေခြင်းများရှိပြီး ဆင်းရဲမွဲတေမှုမျဉ်းထက် ဝင်ငွေ ၂၀၀ ရာခိုင်နှုန်းခန့် ရရှိနေသူများပင်လျှင် လူမှုဖူလုံရေး ထောက်ပံ့မှုရရှိနေခြင်းများ ရှိနေသည်။
ကယ်လီဖိုးနီးယားတွင် ပြည်နယ်နှင့် ဒေသတွင်းအုပ်ချုပ်ရေးအဖွဲ့များသည် ၁၉၉၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အကြား လူမှုဖူလုံရေးစီမံကိန်းများအတွက် ကန်ဒေါ်လာ ၉၅၈ ဘီလီယံနီးပါးအထိ သုံးစွဲခဲ့ကြကြောင်း သန်းခေါင်စာရင်းဗျူရို၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တစ်နိုင်ငံလုံးလူဦးရေ၏ ၁၂ ရာခိုင်နှုန်းခန့် နေထိုင်ရာ ကယ်လီဖိုးနီးယားသည် ယနေ့ကာလ၌ လူသုံးဦးလျှင် တစ်ဦးမှာ အစိုးရထောက်ပံ့မှုခံယူရလျက်ရှိသူများ ဖြစ်နေသည်။
သို့ရာတွင် ယင်းသို့ ထောက်ပံ့မှုများမှာ ဆင်းရဲမွဲတေမှုကို မလျှော့ချနိုင်ရုံမျှမက အခြေအနေကို ပိုမို၍ပင် ဆိုးရွားလာစေခဲ့သည်။
၁၉၈၀ နှင့် ၁၉၉၀ ပြည့်လွန်ကာလများတွင် ဝစ္စကွန်ဆင်၊ မီချီဂန်နှင့် ဗာဂျီးနီးယားတို့တွင် လူမှုဖူလုံရေးစနစ်ကို ပြုပြင်ပြောင်းလဲခြင်းများ ပြုလုပ်ခဲ့ရာ လူမှုဖူလုံရေးထောက်ပံ့ရာတွင် အလုပ်အကိုင်နှင့်ပတ်သက်သည့် စည်းမျဉ်းတစ်ခု သတ်မှတ်ခဲ့ခြင်းကြောင့် ယခင်က လူမှုဖူလုံရေးအထောက်အပံ့ကိုသာ ရယူနေကြသူ သန်းပေါင်းများစွာ အလုပ်ခွင်သို့ ရောက်လာခဲ့ကြသည်။
ဆင်းရဲမွဲတေမှုကို တွန်းပို့သည့် အခြားအချက်မှာ ကယ်လီဖိုးနီးယား၏ အိမ်ခြံမြေကဏ္ဍဖြစ်၏။
၂၀၁၅ ခုနှစ်အတွင်း ကယ်လီဖိုးနီယားတွင် အိမ်ထောင်စု ၁၀ ခုလျှင် ၄ ခုကျော်မှာ ဝင်ငွေ၏ ၃၀ ရာခိုင်နှုန်းကျော်ကို နေရေးအတွက် အသုံးပြုနေခဲ့ကြရသည်။
ဈေးကွက်တွင် အိမ်ခြံမြေနည်းပါးမှုကလည်း ဈေးနှုန်းများ ပိုမိုမြင့်မားစေရန် တွန်းအားပေးနေသကဲ့သို့ဖြစ်ပြီး ဝင်ငွေထက် များစွာမြင့်တက်စေခဲ့သည်။
အိမ်ခြံမြေရှားပါးမှုမှာလည်း လွဲမှားသည့် လမ်းညွှန်မှု မူဝါဒများကြောင့် ဖြစ်၏။
“ဒေသတွင်းအုပ်ချုပ်ရေးအဖွဲ့တွေက မြေယာအသုံးပြုမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို တင်းကြပ်လိုက်တာကြောင့် မြေဈေးတွေ မြင့်တက်လာခဲ့တယ်။ ဝင်ငွေအလယ်အလတ်စားရှိတဲ့ အိမ်ထောင်စုတွေဟာ လူနေမှုအဆင့်နိမ့်ပါးစွာ နေထိုင်ကြရပြီး ဝင်ငွေပိုနည်းသူတွေကတော့ နေထိုင်မှုစရိတ်ကြီးမြင့်မှုကြောင့် ဆင်းရဲမွဲတေမှုအဆင့်ကို ရောက်သွားကြရတယ်” ဟု သုတေသီ ဝင်ဒဲလ် ကို့ဇ်က ပြောကြားသည်။
အခြားအချက်တစ်ခုမှာ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု လျှော့ချခြင်းမှာလည်း စွမ်းအင်ကို ပိုမိုဈေးနှုန်းကြီးမြင့်လာစေခြင်းကြောင့် ဆင်းရဲသားများအတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ရပ်ဖြစ်သည်။
ခန့်မှန်းချက် အချို့အရ ကယ်လီဖိုးနီးယားတွင် စွမ်းအင်အတွက် ကုန်ကျစရိတ်မှာ တစ်နိုင်ငံလုံးပျှမ်းမျှကုန်ကျငွေထက် ၅၀ ရာခိုင်နှုန်းအထိပင် များပြားနေသည်ဟု ဆိုသည်။
Continental Economics မှ ပညာရှင်တစ်ဦးဖြစ်သူ ဂျိုနသန် အေ-လက်ဆာ၏ ပြောကြားချက်အရ ၂၀၁၂ ခုနှစ်အတွင်း ကယ်လီဖိုးနီးယား အိမ်ထောင်စုတစ်သန်းနီးပါး၏ စွမ်းအင်အသုံးစရိတ်မှာ အိမ်ထောင်စုဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းကျော်ရှိနေသည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)