ဟောလိဝုဒ်ကြယ်ပွင့် ဂရီတာ ဂါဘို အပန်းဖြေလေ့ရှိသည့် ဆွီဒင်နိုင်ငံ၊ ပင်လယ်ကမ်းခြေရှိ နွေရာသီစံအိမ် အရောင်းဈေးကွက်ဝင်လာသည်။
ဆွီဒင်နိုင်ငံ၊ အင်ဂါရိုကျွန်းပေါ်တွင် တည်ရှိပြီး ယခင်က သူမ၏ အစ်ကိုဖြစ်သူ ပိုင်ဆိုင်ခဲ့သည့် နေအိမ်ဖြစ်ကြောင်း ဈေးကွက်တင်သည့် ကုမ္ပဏီ Wrede ၏ ပြောရေးဆိုခွင့်ရ အမျိုးသမီးက ပြောကြားသည်။
အဆိုပါနေအိမ်သည် ပြီးခဲ့သော အင်္ဂါနေ့က အရောင်းဈေးကွက်ဝင်လာခဲ့ခြင်းဖြစ်ပြီး ဆွီဒင်ကရိုနာငွေ ၃၂ သန်း ( ကန်ဒေါ်လာ ၃ ဒသမ ၉၁၂ သန်း) အောက် မနည်းစေရဟု ဈေးနှုန်းသတ်မှတ်ထားသည်။
ရိုးရာဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး အဝါရောင်ကဲသော နေအိမ်သည် ကျွန်း၏ အနောက်မြောက်ထောင့်တွင် တည်ရှိသည်။
ခြံဝန်းအကျယ်မှာ ၂ ဒသမ ၆ ဧကကျော်ရှိပြီး နေအိမ်မှာ စတုရန်းမီတာ ၂၈၃ ( စတုရန်းပေ ၃၀၄၆ ) ခန့် ကျယ်ဝန်းကာ အိပ်ခန်း ၇ ခန်း ပါဝင်သည်။
ဒုတိယထပ်အိပ်ခန်းတွင် ပြင်သစ်ဟန်လသာဆောင်ပါဝင်ပြီး မိသားစုနားနေခန်းနှင့် ကြီးမားသည့် လသာဆောင်တို့မျာ တောင်ဘက်သို့ မျက်နှာမူကာ ပင်လယ်ရေပြင်ကို စီးမိုးတွေ့မြင်ရသည့် မြင်ကွင်းရှိသည်။
ဆွီဒင်သူ ဂရီိတာဂါဘိုသည် ၁၉၂၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် ယခုနေအိမ်ကို သူမအကျော်ကြားဆုံးဖြစ်နေချိန်တွင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ဝယ်ယူပြီးနောက် မြေအောက်ခန်းကို ပြန်လည်မွမ်းမံကာ ဂိမ်းကစားခန်းမအဖြစ် အသုံးပြုခဲ့သည်။နေအိမ်အတွင်းတွင် ဧကရာဇ် ဂပ်စတက်ဗ် ဗာဆာ၏ ရုပ်တုကြီးကိုလည်း တွေ့ရသည်။
ဂပ်စတက်ဗ် ဗာဆာသည် ဆွီဒင်ကို ၁၅၂၃ ခုနှစ်မှ ၁၅၆၀ ပြည့်နှစ်အထိ အုပ်ချုပ်သွားခဲ့သည့် မင်းတစ်ပါး ဖြစ်သည်။
ဂရီတာဂါဘိုသည် မန်ဟက်တန်ရှိ လူနေခန်းတစ်ခုကိုလည်း အနုပညာလက်ရာများဖြင့် မွမ်းမံခဲ့သေးသည်။သူမ၏ အမွေဆက်ခံသူများက အဆိုပါတိုက်ခန်းကို ပြီးခဲ့သောလအတွင်းက ကန်ဒေါ်လာ ၈ ဒသမ ၅ သန်းဖြင့် ရောင်းချခဲ့ရာ ခေါ်ဈေးထက် ဒေါ်လာ ၂ ဒသမ ၅ သန်း ပိုမိုရရှိခဲ့သည်ဟု ဆိုသည်။
ယနေ့ကာလတွင်ကား ဆွီဒင်နေအိမ်ရှိ မြေအောက်ခန်းကို ဧည့်ဂေဟာအဖြစ် ပြောင်းလဲအသုံးပြုလျက်ရှိကာ မီးလင်းဖိုတစ်ခုလည်း ထည့်သွင်းထားကြောင်း ဈေးကွက်တင်သည့် အကျိုးဆောင်တို့က ဆိုသည်။
နေအိမ်ဝန်းအတွင်း ပင်မနေအိမ်အပြင် အခြားအဆောက်အအုံများလည်း ပါဝင်ရာ ဂိုဒေါင်တစ်ခုနှင့် ကြီးမားသည့်ဝိုင်သိုလှောင်ရုံတစ်ခုတို့လည်း ပါဝင်သည်။
အခြားအဆောက်အအုံငယ် ၂ ခုမှာမူ ဧည့်ဂေဟာ (သို့မဟုတ်) ဂိုဒေါင်များအဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။
ဂရီတာဂါဘို၏ အမည်ရင်းမှာ ဂရီတာ လိုဗီဆာ ဂပ်စတပ်ဖ်ဆန်ဖြစ်ပြီး ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့တွင် ၁၉၀၅ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်တွင် မွေးဖွားကာ ၁၉၉၀ ပြည့်နှစ်၊ ဧပြီလ ၁၅ ရက်တွင် ကွယ်လွန်ခဲ့သည်။
ဂင်းနက်စ်စံချိန်မှတ်တမ်းအဖွဲ့က ဂရီတာဂါဘိုကို ကမ္ဘာပေါ်တွင် ရှိခဲ့ဖူးသမျှ အမျိုးသမီးများအားလုံးတွင် အချောလှဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ဖူးသည်။
၁၉၂၀ ပြည့်လွန်ကာလများနှင့် ၁၉၃၀ ပြည့်လွန်ကာလများအကြား အမေရိကန်ရုပ်ရှင်မင်းသမီးတစ်ဦးအဖြစ် ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးခဲ့သည်။
အကောင်းဆုံးဇာတ်ဆောင်မင်းသမီးအဖြစ် ၃ ကြိမ်တိုင် ဇကာတင်စာရင်းတင်သွင်းခံခဲ့ရပြီး ၁၉၅၄ ခုနှစ်တွင် သူ၏ မေ့မရဖွယ် ထင်ရှားသည့်ရုပ်ရှင်လောက ဖြတ်သန်းမှုများကြောင့် ဂုဏ်ထူးဆောင်အော်စကာဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။
၁၉၉၉ ခုနှစ်တွင် အမေရိကန်ရုပ်ရှင်သိပ္ပံအဖွဲ့က ဂရီတာဂါဘိုကို ဟောလိဝုဒ်ဂန္ထဝင်ခေတ် အကြီးမြတ်ဆုံးအမျိုးသမီး သရုပ်ဆောင်များ စာရင်းတွင် နံပါတ် ၅ နေရာ၌ သတ်မှတ်ထည့်သွင်းခဲ့သည်။
ပထမ ၄ ဦးမှာ ကက်သရင်းဟက်ဘန်း၊ ဘက်တီဒါးဗီးစ်၊ အော်ဒရေ ဟက်ဘန်းနှင့် အင်းဂရစ် ဘာ့ဂ်မန်းတို့ ဖြစ်ကြသည်။
ဂရီတာဂါဘိုသည် ၁၉၂၄ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့သည့် ဆွီဒင်ရုပ်ရှင် The Saga of Gosta Berling တွင် ဒုတိယခေါင်းဆောင်မင်းသမီးနေရာမှာ ပါဝင်သရုပ်ဆောင်ကာ ရုပ်ရှင်လောကသို့ စတင်ခြေချခဲ့သည်။
အဆိုပါဇာတ်ကားတွင် သူ၏သရုပ်ဆောင်မှုကို Metro-Goldwyn-Mayer (MGM) ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် လူးဝစ် ဘီ-မေယာက သတိပြုမိခဲ့ပြီး ၁၉၂၅ ခုနှစ်တွင် ဂရီတာဂါဘိုကို ဟောလိဝုဒ်သို့ ခေါ်ယူခဲ့လေသည်။
ဂရီတာဂါဘိုကို နိုင်ငံတကာက အသိအမှတ်ပြု လူသိများသွားသည်မှာ သူ၏တတိယမြောက်ဇာတ်ကားဖြစ်သော Flesh and the Devil ဖြစ်သည်။
ကမ္ဘာကျော်စာရေးဆရာကြီး လီယိုတော်စတွိုင်း၏ နာမည်ကျော်ဝတ္ထုကြီးဖြစ်သော အင်နာ ကရန်နီနာဝတ္ထုကြီးကို ရုပ်ရှင်အဖြစ် ၁၉၃၅ ခုနှစ်တွင် ရိုက်ကူးခဲ့ရာတွင်လည်း ဂရီတာဂါဘိုမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)