ကွမ်းခြံကုန်းမြို့နယ် ဆယ်အိမ်တန်း ကမ်းခြေအနီး လာရောက်လည်ပတ်သူများပြားလာသောကြောင့် ယင်းအနီးအနားတစ်ဝိုက်ရှိ ရွာများတွင် မြေဈေးများ စတင်မြင့်တက်လာကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
အဆိုပါကမ်းခြေသည် ပြီးခဲ့သည့် ၂၀၁၇ နှစ်စပိုင်းကလူသိများလာခဲ့ပြီး ယခင်နာမည်ကျော်ခဲ့သော ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်းကမ်းခြေ အနီးတွင် တည်ရှိနေပြီး လူသိများလာကာ စီးပွာရေးလုပ်ငန်း လုပ်ကိုင်လိုသူများက စတင် ပြီးမြေဌားရမ်း လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။
“ ကွမ်းခြံကုန်းဘက်ကသူတွေလည်းဆင်းလာတယ် ရန်ကုန်ဘက်ကလူတွေလည်း ဆင်းလာတယ် ဆိုင်တွေဖွင့်ဖို့ မြေနေရာတွေ တော်တော်လေးဌားနေရပြီ တချို့က မြေတောင်လာဝယ်ပြီး ဘန်ဂလိုတွေဆောက်ဖို့စီစဉ်နေတာတွေလည်းရှိတယ် “ ဟု ဆယ်အိမ်တန်းကမ်းခြေမှ ဒေသခံ ဦးမြင့်ဝင်းကရှင်းပြသည်။
ဆိုင်ခန်းဌားရမ်းခအဖြစ် ကမ်းခြေ မျက်နှာစာဘက်ခြမ်းတွင် ၂၅ပေ ပေ၅၀ မြေနေရာ အကျယ်ကို တစ်လလျှင်တစ်သိန်းမှ ၂သိန်းအထိဌားရမ်းခအဖြစ် ပေး၍ ဌားရမ်းဖွင့်လှစ်သူများပြားလာကြောင်း၎င်းကဆိုသည်။
နောက်ပိုင်းတွင် အဆိုပါနေရာ၌ ရေနက်ဆိပ်ကမ်းများပင် ဆောက်လုပ်မည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြောကြားထားဖူးသောကြောင့် မြေလာရောက်ဝယ်ယူသူများလည်း အမြောက်အမြားရှိနေကြောင်း ဒေသခံများကဆိုသည်။
ရန်ကုန်နှင့်မဝေးဘဲ နေ့ချင်းပြန်သွားရောက်လည်ပတ်နိုင်သည့် ၄င်းကမ်းခြေကို နောက်ပိုင်းတွင် ခရီးသွားများပိုမိုစိတ်ဝင်စားလာနိုင်သောကြောင့် ရင်းနီးမြှပ်နှံသူများကမျက်စိကျလျှက်ရှိသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com