အိမ်ခြံမြေနဲ့ တိုက်ခန်းဝယ်ယူတော့မယ်ဆိုရင် ပထမဆုံးမိမိဝယ်ယူချင်တဲ့ မြို့နယ် အတွင်းမှာ နေသူကို ဆက်သွယ်ရပါတယ်။ ဝယ်ယူချင်တဲ့မြို့နယ် အတွင်းမှာ နေသူကလည်း မိမိကြိုက်နှစ်သက်တဲ့ မြေကွက်ကိုဖြစ်စေ တိုက်ခန်းကိုဖြစ်စေ မြေနဲ့အိမ်ကိုဖြစ်စေ ကြိုက်တဲ့နေရာမပြနိုင်ဘူးဆိုရင်တော့ ရပ်ကွက်လမ်းနယ်မြေကျွမ်းကျင်တဲ့ အိမ်ခြံမြေအကျိုးဆောင်ပွဲစားကိုဖြစ်စေ ၊ အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီကိုဖြစ်စေ ရှာဖွေဆက်သွယ်ရပါတယ်။
အိမ်ခြံမြေအကျိုးဆောင်ဆိုတာ ထိုက်သင့်တဲ့အခကြေးငွေတောင်းမှာပါ
အဲဒီလို အိမ်ခြံမြေပွဲစား အကျိုးဆောင်ကုမ္ပဏီတို့နဲ့ အဆက်အသွယ်ရပြီဆိုရင်တော့ မိမိတို့ဝယ်ချင်တဲ့မြေကွက်မျိုး နေချင်စဖွယ်ကောင်းတဲ့ တိုက်ခန်းမျိုးတွေ တွေ့လာရတာပေါ့ ။အကျိုးဆောင်ကုမ္ပဏီဆိုကတည်းက ကိုယ်အသိမိတ်ဆွေက အခမဲ့လိုက်ရှာပေးသလိုမျိုးတော့ အလကားမရနိုင်တော့ဘူး ။ထိုက်သင့်တဲ့ အခကြေးငွေကိုတောင်းမှာကတော့ မြေကြီးလက်ခတ်မလွှဲပါဘဲ ။
သိန်းတစ်ရာအောက်တိုက်ခန်းဝယ်လိုသူ
တောင်းရင်လည်း ပေးရတော့မှာပဲ ၊ ကိုယ်မိတ်ဆွေနဲ့ လိုက်ရှာလို့တွေ့ရတဲ့ မြေနဲ့အိမ်တို့ တိုက်ခန်းတို့ကို ကိုယ်က ကြိုက်မှ မကြိုက်ပဲ ကိုး ။တိုက်တိုက်ဆိုင်ဆိုင် ကိုယ်တွေးလေးတစ်ခုကိုသွားပြီး သတိရလို့ ရင်ဖွင့်ပြချင်ပါတယ်။ ..ဒီလိုပါ စာရေးသူရဲ့ မိတ်ဆွေ ' ထက်ထက် ' က သိန်းတစ်ရာနီးပါ တန်တဲ့တိုက်ခန်း တစ်ခန်းဝယ်ချင်လို့ ဘယ်မှာရနိုင်မလဲလို့ စာရေးသူကိုမေးပါတယ်။
ယုဇန ဥယျာဉ်မြို့တော်မှာ ရနိုင်တာရှာကြည့်ပါ
စာရေးသူ အတွေ့အကြုံအရ စဉ်းစားကြည့်လိုက်တော့ သိန်းတစ်ရာအောက်ဆိုရင် တိုက်ခန်းအဟောင်းပဲ ရနိုင်မယ် ။ရန်ကုန်မြို့တွင် နားလည်မရနိုင်ဘူး ၁၉၉၃-၁၉၉၄ ခုနှစ်လောက်က ဆောက်ထားတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်အတွင်း က တိုက်ခန်းတွေပဲရနိုင်မယ်လို့ လမ်းညွှန်လိုက်ပါတယ်။ ' ထက်ထက် ' တစ်ယောက်လည်း အဲဒီလိုမေးမြန်းစုံစမ်းပြီး တစ်လလောက်အကြာမှာ စာရေးသူထံ အဆက်အသွယ်လုပ်လာပါတယ်။
ရောင်းမယ့်တိုက်ခန်းက ပဲခူးမြစ်လမ်းမနဲ့ မနီးပါ
သိန်းတစ်ရာကျော် နဲ့ ရောင်းမယ်တိုက်ခန်းကြော်ငြာ သတင်းမှာပါလာလို့ ဝယ်ချင်ပါတယ်။ စာရွက်စာတမ်းပြည့်စုံမှန်ကန်မှုရှိမရှိ စစ်ဆေးပြီး
ခိုင်မာရင်စရန်ပေးစာချုပ်ပေးပြီးစာရေးသူကို လာခေါ်ပါတယ် ။ စာရေးသူလည်း ရုံးပိတ်ရက်တနင်္ဂနွေနေ့ ဖြစ်တာမို့ လိုက်သွားခဲ့ပါတယ် ။ စာရေးသူတို့ရောက်သွားတဲ့ အချိန်မှာ တိုက်ခန်းရောင်းလိုသူက လည်း တိုက်ရှေ့လမ်းမှာ အဆင်သင့်စောင့်နေပါတယ် ။ ရောင်းမယ့်တိုက်ခန်းက (၄)လွှာမှာ ရှိပါတယ်။ '' C " ဘလောက်မှာပါ ။လမ်းမကြီးမျက်နှာစာတန်းမှာ မဟုန်ဘဲ A ဘလောက် B ဘလောက်တွေကျော်ပြီးမှ C ဘလောက်တိုက်ခန်းတွေကို တွေ့ရတာပါ ။
သိန်းတစ်ရာတန်တိုက်ခန်းရဲ့ အခြေအနေ ဝယ်ယူရင်မောရသလေ
ဒါနဲ့ ရောင်းမယ့်တိုက်ခန်းကို လိုက်ကြည့်တဲ့အခါ -----------တိုက်ခန်းကိုပြင်ဆင်ဆေးသုတ်ထားတာတွေ့ရပါတယ်။ ဘယ်လောက်ပဲ ဆေးသုတ်သုတ်တိုက်ခန်းပတ်ပတ်လည်မှာ အင်္ဂတေတွေကွာကျနေလို့ ပြန်လည်ဖာတေးပြီး ဆေးသုတ်ထားတာကို တွေ့ရပါတယ်။ နောက်ဖေး ' ရေကပြင် ' ကလည်းပျက်စီးသွားလို့ သစ်သာတွေနဲ့ ပြန်ပြင်ထားတာကို တွေ့ရပါတယ်။
တိုက်ခန်းကောင်းသလား မကောင်းဘူးလား ဆိုတာကတော့ ရောင်းသူကိုတောင် မေးကြည့်စရာမလိုပါဘူး လှေကားအတက်တိုင်းမှာလည်း အင်္ဂတေတွေကွာကျပြီး အတွင်းက သံချောင်းတွေပေါ်နေတာကိုကြည့်ခြင်းအားဖြင့် ဟောင်းနွမ်းယို့ယွင်းနေပြီဆိုတာကို ခန့်မှန်းကြည့်လို့ ရပါတယ်။
ဒါနဲ့ ရောင်းဈေးများမေးကြည့်တဲ့အခါကျတော့ သိန်း (၁၁၀) ထက်မလျော့တော့ဘူး.လို့ပြောတယ် ။' ထက်ထက် ' ထင်ထားတာက သိန်းတစ်ရာ အောက်ဈေးဆစ်ဖို့ အားခဲထားတာ မလျော့တော့ဘူး ၊ ပြောတော့လည်း မဝယ်ချင်ဘူး လို့ တုံးတိကြီးပြောလို့ မဖြစ်ဘူးလေ ၊ မိဘညီအစ်ကို မောင်နှစ်မတွေနဲ့ တိုင်ပင်ပြီး အကြောင်းပြန်ပါတယ်ဆိုပြီး ပြန်ဆင်းခဲ့ရတယ်။
အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီနဲ့ ဆက်သွယ် ၈၅ သိန်းတန်တိုက်ခန်းလိုက်ပြတယ်
ရောက်တုန်းတစ်ခါတည်း သိန်းတစ်ရာအောက်တိုက်ခန်းရလို့ ရငြား အကျိုးဆောင်ကုမ္ပဏီတစ်ခုနှဲ့ သွားရောက်တွေ့ဆုံပြီး စုံစမ်းတဲ့အခါ သိန်းတစ်ရာအောက်ရှိတယ် ဆိုပြီး စာရေးသူတို့ ရောက်ခဲ့တဲ့ ' C ' ဘလောက် တိုက်ခန်းတွေကို ညွန်ပြန်တယ် ။ အပေါ်ဆုံး (၅) လွှာကို (၈၅)သိန်း နဲ့ ရမယ်လို့ ပြောလာရင် ' C ' ဘလောက်တိုက်ခန်းတွေဆီကိုပြန်ခဲ့ရပြန်တယ် ။ ဟုတ်ပါတယ် ။သူတို့ ပြောသလို ၈၅သိန်း တိုက်ခန်း အပေါ်ဆုံးထပ်မှာ ၊ ရေမီးပြင်ဆင်ပြီး ဆေးသုတ်ပြီး၊ ဖြစ်နေတယ် ။ ရောင်းသူကိုယ်တိုင် နေရန်ပြင်ဆင်ပြီးကာမှ မနေဖြစ်တော့ပဲ ၊ ပြင်ဆင်စရိတ် သိန်း (၂၀ ) လောက်အရှုံးခံပြီ ပြန်ရောင်းတာလို့ သိရပါတယ်။
အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီ ဆက်သွယ်ပါက ဝန်ဆောင်ခ ၁% ပေးရတယ်
' ထက်ထက် ' လည်း မိန်းကလေးတစ်ဦးဖြစ်တာမို့ အခုလိုပြင်ဆင်ပြီး ' ရေကန်အသင့် ကြာအသင့် ' အဆင်သင့် တက်နေနိုင်တာမို့ ဝယ်ဖြစ်သွားပါတော့တယ်။ ဒါပေမဲ့ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီက တစ်ဆင့်လိုက်ပြပြီး ဝယ်ရတာဖြစ်လို့ အရောင်းအဝယ် ဖြစ်တဲ့အခါ ပွဲစားခ အဖြစ် ရောင်းသူက ၃% ရာခိုင်နှုန်းပေးရတာကို တွေ့ရပါတယ် ။ ဝယ်သူ ' ထက်ထက် ' ဘက်ကလည်း ကုမ္ပဏီ ဝန်ထမ်းက အကျိုးဆောင်ပေးလို့ အရောင်းအဝယ် ဖြစ်တာလို့ဆိုပြီး ၁% ရာခိုင်နှုန်း ကုမ္ပဏီဝန်ထမ်းကို ပေးလိုက်ရပါတယ်။
ဒါကြောင့် မြေနှင့်အိမ်ဖြစ်စေ တိုက်ခန်းဖြစ်စေ ၊ ကွန်ဒိုဖြစ်စေ ၊ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီတွေက တစ်ဆင့်ဝယ်ရင် ရောင်းသူဘက်ကရော ၊ ဝယ်သူဘက်ကရော ဝန်ဆောင်ခ ပေးရတာကို သင်ခန်းစာတစ်ခု ရရှိနိုင်ပါတယ်။
(သုခီိ အတ္တာနံ ပရိဟ ရ န္တု )
လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com