အမေရိကန်သမ္မတဟောင်း ဂျော့ခ်ျ ဒဗလျူဘုရှ်၏ ညီဖြစ်သူ ဦးဆောင်သည့် စင်္ကာပူ ဆောက်လုပ်ရေးကုမ္ပဏီက စင်္ကာပူရှိ လူနေအိမ်ရာဝန်းတစ်ခုကို ကန်ဒေါ်လာ ၆၃၂ ဒသမ ၅ သန်း ( စင်္ကာပူဒေါ်လာ ၈၄၀ ဒသမ ၉ သန်း) ဖြင့် ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
စင်္ကာပူတွင် အိမ်ခြံမြေအရောင်းအဝယ်ကြီးများ ဆက်တိုက်ပေါ်ပေါက်နေချိန်တွင် ယခုအရောင်းအဝယ်ဖြစ်မြောက်လာခဲ့ခြင်းလည်း ဖြစ်သည်။အိမ်ရာဝန်းတည်နေရာမှာ ဂျလန်း လန်ပန်အရပ်၊ ၂-၂၀ တွင်တည်ရှိပြီး Park West ဟု အမည်ရသည်။
SingHaiyi Group ကုမ္ပဏီက ဝယ်ယူလိုက်ခြင်းဖြစ်ပြီး အဆိုပါကုမ္ပဏီသည် ဂျော့ခ်ျဒဗလျူဘုရှ်၏ ညီဖြစ်သူ နီးလ်ဘုရှ်မှ ဥက္ကဌအဖြစ် တာဝန်ယူထားသည့်
ကုမ္ပဏီလည်းဖြစ်သည်။
SingHaiyi Group က စတုရန်းမီတာ ၅၈၈၆၇ ( စတုရန်းပေ ၆၃၃၆၃၉ ) အကျယ်အဝန်းရှိသည့် ယခုနေရာကို ကြမ်းခင်းဧရိယာ စတုရန်းပေ ၁ ဒသမ ၄၆ သန်း ( ၁၃၅၉၈၃ စတုရန်းမီတာ) ခန့်အထိ ချဲ့ ထွင်သွားရန် ရည်မှန်းထားသည်။
ယင်းသို့ ချဲ့ ထွင်နိုင်ရေးအတွက် ကန့်သတ်ချက်များ ပယ်ဖျက်ပေးရန် စင်္ကာပူဒေါ်လာ ၁၄၄ ဒသမ ၆ သန်းခန့် သုံးစွဲခဲ့ရသည်ဟုလည်း ဆိုသည်။
၉၉ နှစ်အငှားချထားမှု သက်တမ်းသစ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သော ယခုအရောင်းအဝယ်မှာ စင်္ကာပူ၏ အကြီးမားဆုံး အိမ်ခြံမြေအရောင်းအဝယ်များတွင် တစ်ခုအပါအဝင်ဖြစ်လာသည်။
SingHaiyi ၏ ထုတ်ပြန်ချက်တွင် ယခုနေရာကို ဝယ်ယူလိုက်နိုင်ခြင်းမှာ စင်္ကာပူရှိ မိမိတို့ ကုမ္ပဏီ၏ လုပ်ငန်းများကို ပိုမိုချဲ့ ထွင်လာစေ နိုင်တော့မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
SingHaiyi သည် စင်္ကာပူတွင် လုံးချင်းနှင့် တိုက်ခန်းပေါင်းစပ်ထားသည့် အိမ်ရာစီမံကိန်းတစ်ခုကိုလည်း ဆောက်လုပ်ခဲ့ပြီးဖြစ်သည်။
ထို့အပြင် အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းအိုးပြည်နယ်၊ စင်စင်နတီတွင် Tri-County ဈေးဝယ်စင်တာကို ဝယ်ယူခြင်း၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဂျို့ စ်ရှိ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကွန်ဒိုစီမံကိန်းတစ်ခုဖြစ်သည့် Vietnam Town ကို ဝယ်ယူခြင်း၊ ဆန်ဖရန်စစ္စကိုမြို့ ၊ Thomas Mellon Circle ၊ အမှတ် ၅ ရှိ ကွန်ဒိုစီမံကိန်းကို ဝယ်ယူခြင်းများလည်း ပြုလုပ်ထားသည်။
ကုမ္ပဏီ၏ မူလအမည်မှာ SingXpress ဟု ဖြစ်သည်။ နောက်ပိုင်းတွင် စင်္ကာပူအခြေစိုက် တန်-ဇနီးမောင်နှံက ၎င်းတို့၏ လုပ်ငန်းကို အမေရိကအထိ ချဲ့ ထွင်ရန် ဆုံးဖြတ်လိုက်ပြီးနောက် အမေရိကန်သမ္မတဟောင်း ဂျော့ခ်ျ အိတ်ခ်ျ ဒဗလျူဘုရှ်၏ ရင်သွေး ၆ ဦးအနက် စတုတ္ထမြောက်သား နီးလ်ဘုရှ် (အမေရိကန်သမ္မတဟောင်း ဂျော့ခ်ျဒဗလျူဘုရှ်၏ ညီ) အား ကုမ္ပဏီ၏ အမှုဆောင်မဟုတ်သော ဥက္ကဌအဖြစ် ခန့်အပ်ခဲ့ခြင်းလည်း ဖြစ်သည်။
နီးလ်ဘုရှ်နှင့် တန်မိသားစုတို့သည် ယခင်ကတည်းကပင် စီးပွားရေးမိတ်ဖက်များလည်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)