ရန်ကုန်စတော့အိတ်ချိန်း၏ ငါးခုမြောက်စာရင်းဝင်ကုမ္ပဏီ TMH ဆက်သွယ်ရေးအများပိုင်ကုမ္ပဏီက ဇန်နဝါရီလ ၂၆ ရက်နေ့တွင် စတော့အိတ်ချိန်းသို့ ဝင်ရောက်မည်ဖြစ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်း (YSX) က သတင်းထုတ်ပြန်သည်။
အဆိုပါကုမ္ပဏီသည် စတော့အိတ်ချိန်းမဝင်မီ အများပြည်သူသို့ ကမ်းလှမ်းရောင်းချသည့် အစုရှယ်ယာ (IPO) အစု ရှယ်ယာပေါင်း ငါးသိန်းကျော်ကို ကျပ်သုံးထောင်ဖြင့် ရောင်းချခဲ့ပြီး စာရင်းဝင်ကုမ္ပဏီအဖြစ် စတော့အိတ်ချိန်းသို့ ရောက်ရှိချိန်တွင်လည်း ယင်းဈေးနှုန်းဖြင့်သာ ဈေးဖွင့်သွားမည်ဖြစ်ကြောင်း YSX ၏ ထုတ်ပြန်ချက်အရ သိရသည်။
TMH ဆက်သွယ်ရေးအများပိုင်ကုမ္ပဏီသည် စတော့အိတ်ချိန်းတွင် ရှယ်ယာတစ်စုလျှင် ကျပ်သုံးထောင်ဖြင့် အဖွင့်ဈေးသတ်မှတ်ထားသောကြောင့် ယခင် စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများထက် အဖွင့်ဈေးနှုန်းအနည်းဆုံးဖြင့် ဝင်ရောက်လာမည့် စာရင်းဝင်ကုမ္ပဏီသစ် ဖြစ်လာမည်ဖြစ်သည်။
TMH တယ်လီကွန်းအများပိုင် ကုမ္ပဏီသည် ပြည်တွင်းဆက်သွယ်ရေးလုပ်ငန်းများအတွက် လိုအပ်သော အခြေခံ အဆောက်အဦ တည်ဆောက်ခြင်း၊ ဖုန်းငွေ ဖြည့်ကတ် ထုတ်လုပ်ခြင်း၊ အင်တာနက် ဖိုက်ဘာ ပြုပြင်ထိန်းသိမ်းခြင်းအပြင် အခြားဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း များကို လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။
အဆိုပါကုမ္ပဏီသည် မူလထုတ်ဝေပြီး ရှယ်ယာနှင့် ယခုအများပြည်သူသို့ ကမ်းလှမ်းရောင်းချထားသော ရှယ်ယာအရေအတွက် စုစုပေါင်း ၁၂ သန်းကျော်ရှိပြီး ယင်းရှယ်ယာများ ၉၀ ရာခိုင်နှုန်းခန့်ကို အဓိကရှယ်ယာရှင်များဖြစ်သော ကုမ္ပဏီတည်ထောင်သူနှင့် မိသားစုဝင်များက အများစုပိုင်ဆိုင်ထားသည်။
လက်ရှိအချိန်တွင် ရန်ကုန်စတော့အိတ်ချိန်း၌ ပထမမြန်မာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (FMI)၊ မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH)၊ မြန်မာနိုင်ငံသားများဘဏ် (MCB) နှင့် ပထမပုဂ္ဂလိကဘဏ် (FPB) တို့က ရှယ်ယာများ အရောင်းအဝယ်လုပ်ဆောင်လျက်ရှိပြီး မြန်မာလယ်ယာ စီးပွားရေးအများပိုင် ကော်ပိုရေးရှင်း (MAPCO) နှင့် ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီတို့ကလည်း စတော့အိတ်ချိန်းသို့ဝင်ရန် လုပ်ဆောင်လျက်ရှိသည်။
Credit: The Voice